တောင်တွင်းကြီးမြို့၊ အုန်းတော ၁ ရပ်ကွက်၊ ပြည်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အရာရှိမိသားစုဝင်တွေပိုင်ဆိုင်တဲ့ တံခွန် မုန့်နဲ့စတိုးဆိုင်ထဲမှာ အောက်တိုဘာ ၂၉ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားပြီး ဆိုင်ပိုင်ရှင် သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသွားသူမှာ ဒေါ်ဖြူဖြူထိုက် ဆိုသူဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ဗိုလ်တွေနဲ့ မိသားစုဝင်ဖြစ်ကာ သေနတ်ကျည်ဆန် ၂ ချက်ထိမှန်ပြီး သေဆုံးသွားတာလို့ နီးစပ်တဲ့ဒေသခံတဦးက သိရပါတယ်။
“ညနေကပစ်ခံရတာ ရင်ဘတ်ကို ၂ ချက်ထိသွားတယ်။ ဆေးရုံရောက်မှဆုံးသွားတယ်တဲ့။ သူတို့မိသားစုက ဒလန်မိသားစုဆိုပြိး နာမည်ကြီးနေကြတာ။ သူ့ညီမတွေရဲ့ ယောကျ်ားတွေက စစ်ဗိုလ်တွေ တပ်ရင်းမှူးအဆင့်တောင်ပါတယ်။ သူ့ယောကျ်ားက ထွေအုပ်ဝန်ထမ်းသေတာကြာပြီ။ သမီး ၁ ယောက်ကျန်ခဲ့တယ်” လို့ ပြောပါတယ်။
အဆိုပါပစ်ခတ်မှုကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဗိဿနိုးကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ကြေညာထားပါတယ်။
တောင်တွင်းကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ခိုင်ဖြိုးအမာခံသတင်းပေး ၁ ဦး ပစ်သတ်ခံရပြီး စစ်သားနဲ့ရဲတွေက မြို့ပေါ်မှာ ယူနီဖောင်းဝတ်အပြင် အရပ်ဝတ်တွေနဲ့ပါ လှည့်ပတ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့နေ့ကလည်း အဆိုပါ တံခွန်စတိုးဆိုင်မှာ ဗုံး ၂ လုံး ပေါက်ကွဲခဲ့တာကြောင့် အဆောက်အဦအနည်းငယ်ပျက်စီးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ... သေဆုံးသူ ဒေါ်ဖြူဖြူထိုက်