ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းက ရဲစခန်းအနီးမှာ အောက်တိုဘာ ၂၅ ရက် ဒီနေ့ နေ့လယ် ၂ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ရဲစခန်းနားက အမှိုက်ပုံးထဲကနေ ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် အမှိုက်ပုံး ပျက်စီးသွားပြီး လုံခြုံရေးယူထားတဲ့ ရဲတွေ ထိခိုက်မှု ရှိ၊ မရှိ မသိရသေးဘူးလို့ ယာဥ်လိုင်းတာဝန်ခံတစ်ဦးက ပြောပါတယ်။
အဲဒီလို ဗုံးပေါက်ကွဲပြီးတဲ့နောက် အဝေးပြေး အဝင်အထွက် ကားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးသလို ဒီညနေထွက်မယ့် အဝေးပြေးကားနဲ့ လိုက်ပါမယ့် ခရီးသည်တွေရဲ့ မှတ်ပုံတင်အချက်အလက်တွေ ယူထားဖို့ ယာဥ်လိုင်းတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။
အဲဒီဗုံးပေါက်ကွဲတာဟာ ဘယ်အဖွဲ့ လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ မနေ့ကလည်း မင်္ဂလာဒုံမြို့နယ်မှာ ဗုံး ၅ လုံးထက်မနည်း ပေါက်ကွဲခဲ့ပါတယ်။