ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက်မှာ အောက်တိုဘာ ၂၂ ရက် ဒီနေ့ ညနေပိုင်းက မြစ်မခသတင်းဌာနသတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်းကို စစ်ကောင်စီတပ်သားတွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပါတယ်။
မြစ်မခသတင်းဌာနရဲ့ အကြီးတန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ကိုမျိုးမင်းထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်အလုပ် မလုပ်တော့ပေမဲ့ နေအိမ်မှာရှိနေစဉ် စစ်တပ်နဲ့ ရဲတပ်သား ၃၀ ကျော်လောက်က လာရောက်ဖမ်းဆီးသွားတာလို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“နေ့လယ်ပိုင်းကတည်းက လာဖမ်းတာ စစ်တပ်ရော ရဲရောပါတယ်။ ၃၀ ကျော်လောက်ပေါ့။ ဘယ်ကိုဖမ်းခေါ်သွားလဲတော့ မသိသေးဘူး။ မိသားစုဝင်တွေလည်း ဘယ်လိုက်ရမလဲ မသိဖြစ်နေကြတယ်။ ခုတော့ စခန်းလိုက် မေးနေတယ်”လို့ နီးစပ်သူတဦးက ဒီဗွီဘီကိုပြောပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ ပြည်သူ ၁၀၀ ကျော်ထိရှိလာပြီဖြစ်ပြီး အဲ့အထဲမှာ ဖမ်းဆီးခံရတဲ့ သတင်းထောက် ၃ ဦးထိရှိလာပြီဖြစ်ပါတယ်။