စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေဝင်လာလို့ ထွက်ပြေးတိမ်းရှောင်သွားကြရတဲ့ ကျေးရွာတွေမှာ အိမ်တွေကနေ ရွှေငွေ ပစ္စည်းတွေကို စစ်သားတွေက ခိုးယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက်က ရှမ်းကလုံးကျေးရွာကို စစ်သားတွေ အများအပြားဝင်လာတာကြောင့် ရွာသားတွေအားလုံး ဘေးလွတ်ရာထွက်ပြေးကြပြီး စစ်သားတွေကတော့ အိမ်တွေကို ဖောက်ထွင်းဖျက်ဆီးကြတာပါ။
“ရွာမြောက်ဘက်လမ်းကနေ ၁၉ ရက်နေ့ မနက်ပိုင်းမှာဝင်လာကြတာ။ အယောက် ၈၀ လောက်ရှိတယ်။ ရွာသားတွေကတော့ ကြောက်လန့်ပြီး လွတ်ရာပြေးကြပါတယ်။ အခုအချိန်ထိ ကိုယ့်အိမ်သူ့အိမ် မဝင်ရဲသေးဘဲ တောထဲပုန်းခိုနေရပါတယ်” လို့ ဒေသခံတယောက်ကပြောပါတယ်။
အောက်တိုဘာ ၁၈ ရက် နေ့ခင်းပိုင်းက ရှမ်းကလုံးနဲ့ ဂွေးတောက်ရွာကြား မြေဝေတောင်မှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေဖြစ်ပြီး လက်နက်ကြီးကျလို့ ရှမ်းကလုံးရွာသားတယောက် ကျည်စမှန် ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
“စစ်သားတွေက အိမ်တွေကိုရိုက်ဖွင့် ဖျက်ဆီးသွားတာ။ ပိုက်ဆံနဲ့ ရွှေတွေ ယူသွားတယ်။ တရွာလုံးနီးပါးက အိမ်တွေကို ဝင်ရောက်မွှေတာ၊ ဈေးဆိုင်တွေလည်း ဝင်ရောက် ဖျက်ဆီးပြီး ပစ္စည်းတွေယူသွားပါတယ်ဗျာ။ အိမ်မွေး တိရစ္ဆာန်တွေကိုလည်း သတ်ဖြတ် ချက်ပြုတ်စားသောက်သွားကြပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ရှမ်းကလုံးရွာမှာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး တချို့ကတော့ အနီးအနားက စစ်ဘေးရှောင်စခန်းကို သွားရောက်ကြသလို တချို့ကတော့ ဘေးလွတ်ရာ တောထဲမှာပဲ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အင်တာနက်ဖြတ်တောက်ထားသလို ဖုန်းလိုင်းတွေလည်း အရင်လို လိုင်းမကောင်းပါဘူး။