မြန်မာ့နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် နိုင်ငံကျော်အဆိုတော် ဆောင်းဦးလှိုင်ရဲ့ အမေရိကန်နိုင်ငံတလွှား ပွဲစဉ် ၉ ခုမြောက် ဂီတဖျော်ဖြေပွဲအပြီးမှာ ဒေါ်လာ ငါးသိန်း နှစ်သောင်း ကျော်ရရှိထားတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အောက်တိုဘာ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။
“ကြွရောက်အားပေးကူညီသူ အားလုံးကြောင့် San Francisco ပွဲစဉ်မှာ ရန်ပုံငွေ ဒေါ်လာ တစ်သိန်းကျော် ရရှိခဲ့ပါတယ်။ ပရိသတ် အထူးအားပေးခဲ့တဲ့ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ပွဲစဥ် ၉ ခုအပြီး ရန်ပုံငွေစုစုပေါင်း ဒေါ်လာ ငါးသိန်းနှစ်သောင်းကျော် ရှာဖွေနိုင်ခဲ့ပြီး စီမံခန့်ခွဲကြမယ့် Organizers များအနေနဲ့ ပရိသတ်များရဲ့ဆန္ဒအတိုင်း အမိမြန်မာပြည်မှာ စစ်အာဏာရှင်တော်လှန်ရေးအတွက် အထိရောက်ဆုံးဖြစ်စေမယ့်နေရာတွေကို ပေးပို့လှူဒါန်းနိုင်ဖို့ ကျနော် မျှော်လင့်မိပါတယ်” လို့ အဆိုတော်ဆောင်းဦးလှိုင်က လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။လာမယ့်စနေနေ့ Dallas, Texas ပွဲစဉ်ဟာ သူရဲ့ အပိတ်ပွဲစဉ်တွေ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။