မန္တလေးမြို့မှာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ဆန္ဒပြနေတဲ့ မန္တလေး လူငယ်များ သပိတ်စစ်ကြောင်း အောက်တိုဘာ ၁၈ ရက် မနက် ၈ နာရီဝန်းကျင်က ပစ်ခတ်ဖြိုခွင်းခံခဲ့ရပါတယ်။
၆၉ လမ်း၊ ၃၇ လမ်းနဲ့ ၃၈ လမ်းကြားမှာ သပိတ်စစ်ကြောင်း မထွက်ခင် ဖြိုခွင်းခံရတာဖြစ်ပြီး သပိတ်စစ်ကြောင်းက လူငယ် ၃ ဦး ဖမ်းဆီးခံရတယ်လို့ ကနဦး သိရပါတယ်။
“အခုဟာက အဆက်အသွယ်မရသေးဘူး။ ကနဦး သိရတာတော့ သုံးယောက်လောက် ဖမ်းခံရတယ်လို့ သိရသေးတယ်။ ချီတက်ဖို့ လုပ်နေတဲ့အချိန်မှာ ဖြိုခွင်းခံလိုက်ရတာ။ သေနတ်နဲ့လည်း ပစ်ခတ်တာတွေရှိတယ်” လို့ စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
မန္တလေး လူငယ်များသပိတ်စစ်ကြောင်း ချီတက်ဖို့ ပြင်ဆင်နေချိန်မှာ အိမ်စီးကားနဲ့တိုက်ပြီး ဖြိုခွင်းတာဖြစ်တဲ့အတွက် ဆန္ဒပြလူငယ်တွေမှာ ပွန်းပဲ့ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၁ ရက် ညနေပိုင်းကလည်း ၆၂ လမ်း၊ သိပ္ပံလမ်းအနီးမှာ မန္တလေးလူငယ်များ သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွဲခံရပြီး အမျိုးသမီး ၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။