မြန်မာပြည်မြောက်ဘက်ဆုံး နောင်မွန်မြို့မှာ စစ်ကောင်စီလက်အောက်ခံ စီမံအုပ်ချူပ်ရေးဥက္ကဋ္ဌ ဖလား ဘောလုံးပြိုင်ပွဲက ဘောလုံးသမား ၁၁ ဦးမှာ အောက်တိုဘာ ၁၅ ရက်နေ့ စစ်ဆေးချက်အရ ကိုဗစ်ပိုးတွေ့ထားတယ်လို့ နောင်မွန်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံတဦးက “ကျနော်တို့ နောင်မွန်ဒေသမှာ ပြည်သူတွေ အခက်အခဲကြုံနေတဲ့အချိန် ကိုဗစ်-၁၉ လူနာကလည်း တစ်ရက်ပြီးတစ်ရက် တိုးလာတဲ့အချိန်မှာ သူတို့တွေ ဘောလုံးပွဲကျင်းပလိုက်တော့ ဘောလုံးသမား ၁၁ ဦး အပါအဝင် ဘောလုံးပွဲကြည့်ပြည်သူတွေကိုလည်း ကိုဗစ်ပိုးပြန့်အောင် လုပ်လိုက်ကြပြီ။ ဒီကိစ္စက တမင်တကာ ဒေသခံပြည်သူတွေကို ကိုဗစ်ပိုးတွေ လိုက်ဖြန့်နေတာ” လို့ ပြောပါတယ်။
ဒေသခံတဦးကလည်း “နောင်မွန်ဒေသက ကဏ္ဍတိုင်းမှာ နောက်ကျန်နေတဲ့အပြင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက်ပါ စိုးရိမ်နေရပါပြီ။ နောင်မွန်မြို့မှာ ကိုဗစ်လူနာ တိုးလာတဲ့အတွက် မြို့တွင်း မြို့ပြင် လော့ခ်ဒေါင်းချခံနေရလို့ ပြည်သူတွေ သွားလာဖို့ ခက်ခဲနေတယ်” လို့ ပြောပါတယ်။
နောင်မွန်မြို့မှာ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းထိ ကိုဗစ်ပိုးတွေ့လူနာ ၃၆ ဦးအထိ ရှိနေပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။