ရန်ကုန်တိုင်း သာကေတမြို့နယ်၊ စက်မှုဇုန်ထဲက မြန်မာတိုင်းမ်သတင်းစာတိုက်ကို အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက လျှပ်စစ်ဌာနဝန်ထမ်း ၅ ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာပြီး မီးဖြတ်သွားတယ်လို့ သတင်းစာတိုက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“သူတို့ ရုံးထဲ ၀င်လာပြီး မီတာဆောင်ထားတဲ့ ဖြတ်ပိုင်းတွေ တောင်းကြည့်တယ်။ အဲဒီမှာ ငါးလပိုင်းအထိ မီတာဆောင်ထားပြီး နောက်ပိုင်း မဆောင်တာကြောင့် မီးဖြတ်မယ်လို့ ပြောတယ်။ ဘော့စ်ကို ဖုန်းဆက်ပြီး ပြောတော့ ဆောင်မယ်ပေါ့။ ဆောင်ရမှာက ဆယ့်ခြောက်သိန်းလောက် ရှိတယ်။ ဆောင်မယ်လို့ ပြောပေမဲ့ လောလောဆယ် ဖြတ်သွားမယ်။ ဆောင်ပြီးတဲ့အခါ ပြန်လာဆက်ပေးမယ်လို့ ပြောပြီး ဖြတ်သွားတယ်။”
မြန်မာတိုင်းမ် ဂျာနယ်ဟာ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလကုန်လောက်ကတည်းက နေ့စဉ်နဲ့ အပတ်စဉ်သတင်းစာ ဂျာနယ်ထုတ်ဝေမှုတွေရော ဝက်ဆိုက်နဲ့ အွန်လိုင်းက သတင်းတွေ ထုတ်လွှင့်မှုတွေပါ ယာယီရပ်ထားတာဖြစ်ပါတယ်။
အလားတူ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်တချို့မှာ လက်နက်ကိုင်တပ်တွေက စစ်ကားတွေလာရောက်ပြီး အိမ်တိုင်းစေ့ မီတာခ လိုက်ကောက်နေတာလို့ ရပ်ကွက်နေပြည်သူတယောက်က ပြောပါတယ်။
"လာတာကစစ်ကားနဲ့၊ မီတာမဆောင်ထားတဲ့ ၅-၆ လစာကို တခါတည်း အတင်းပေးခိုင်းတာပါ၊ စစ်သားတွေပါပါလာတော့ မဆောင်ရင်ရိုက်နှက်ဖမ်းဆီးခံရမှာစိုးလို့ လူတိုင်းက မီတာဆောင်နေကြရတယ်။”
အနော်မာနဲ့ထူပါရုံရပ်ကွက်တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မီတာသမားတွေ မီတာဆောင်၊ မဆောင် လိုက်စစ်နေပြီး မဆောင်တဲ့အိမ်တွေကို မီးဖြတ်ဖို့ လုပ်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မီတာခ မပေးဆောင်တဲ့ တိုက်ခန်း/ နေအိမ်တွေနဲ့ ကန်ထရိုက်တိုက်တွေကို အဓိကထားပြီး လျှပ်စစ်မီးဖြတ်တောက်နေတယ်လို့လည်းပြောပါတယ်။
မီတာခ မဆောင်လို့ အခုလို မီးဖြတ်မယ်ဆိုတာကြောင့် မီတာ ဆောင်သူတွေလည်း ရှိနေပေမဲ့ အများအားဖြင့် ရပ်ကွက်တွေထဲမှာ မီးဖြတ်ချင် ဖြတ် မီတာ မဆောင်ဘဲနေမယ်ဆိုသူတွေလည်း ရှိပါတယ်။
ဒါပေမဲ့ တိုက်ခန်းတွေမှာ ငှားနေထိုင်ကြသူတွေ တချို့ကတော့ တိုက်ပိုင်ရှင်က ဆောင်ခိုင်းတာတွေ ရှိနေတာကြောင့် မလွှဲမရှောင်သာ မီတာဆောင်နေကြတာတွေလည်း ရှိပါတယ်။
မီတာခတွေ စစ်တပ်က အတင်းအကျပ်လိုက်ကောက်နေပေမဲ့ ရန်ကုန်မြို့မှာ ခုရက်ပိုင်းအတွင်း လျှပ်စစ်မီးတွေ အချိန်အတန်ကြာ ပြတ်တောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကောင်စီလက်ဝယ်ကို ငွေကြေးတွေ မရောက်ရလေ အောင် ပြည်သူလူထုအနေနဲ့ အခွန်မဆောင်ကြဖို့၊ မီတာခမပေးဆောင်ကြဖို့၊ ကားလိုင်စင်ခတွေကို အခွန်မဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။