ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာ ၁၄ ရက် ညပိုင်းက ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး အမျိုးသား ၁ ဦးသေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
မငြိမ်းလှကုန်းမှာနေထိုင်တဲ့ ကိုအောင်စိုးဟာ သူ့ရဲ့ဇနီးနဲ့အတူ အိမ်ပြင်ထွက်လာစဉ် ည ၇ နာခွဲလောက်မှာ တကောင်းဘုရားနားမှာ ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ ၃ ချက်ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဒီကောင်က အာဏာသိမ်းပြီးကတည်းက စစ်အုပ်စု သတင်းပေးလုပ်နေတာ ဒီနေ့တော့ ကျနော်တို့ အဖွဲ့ဝင် တဦးက ရှင်းခဲ့တာပါ။ သေနတ်နဲ့ ၃ ချက်ပစ်ခဲ့တယ် ပြောတယ်။ ဒလန်ကတော့ အဲ့နေရာမှာ သေသွားတယ်”လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရပြီး မိနစ်ပိုင်းအတွင်းမှာ စစ်ကောင်စီ တပ်သားတွေရောက်လာပြီး ပတ်ဝန်းကျင်ကို ဆဲဆို ကြိမ်းမောင်းတာတွေပြုလုပ်ပြီး ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှု ၁၀ ကြိမ်ထက်မနည်းဖြစ်ခဲ့သလို စစ်အုပ်စု သတင်းပေး ဒလန်ရှင်းလင်းခံရတာတော့ ၂ ဦးထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။