စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ် ပြည်သူ့ဆေးရုံမှာ အောက်တိုဘာ ၁၄ရက် ညပိုင်းက ကိုဗစ်-၁၉ ရောဂါနဲ့ အမျိုးသားတစ်ဦး ပထမဆုံးသေဆုံးခဲ့ပါတယ်။
လေရှီးမြို့နယ် ဆုတောင်းကုန်းကျေးရွာမှာနေထိုင်ပြီး ပြည်သူ့ဆေးရုံမှာ ဆေးကုသခံ နေတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတာလို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
"ကိုဗစ်-၁၉ ဖြစ်လို့ ဆေးရုံတက်နေတာကြာပြီ။ Positive အဖြေထွက်လို့ ဆေးရုံမှာ ဆက်နေခိုင်းပြီး ကုပေးနေတာ။ ည ၇ နာရီလောက်ဆုံးတယ်။ ကိုဗစ်ရောဂါနဲ့သေဆုံးတာ ပထမဆုံးပဲ"လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ အဆိုပါအမျိုးသားဟာ အသက် ၅၈ နှစ်ရှိပြီး သူ့ကို ညတွင်းချင်း မြေချသင်္ဂြိုဟ်လိုက်ပါတယ်။
လေရှီးမြို့နယ်မှာ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၃ ဦးသာရှိပြီး ဒီ ရောဂါကြောင့် သေဆုံးသူ တစ်ဦးသာရှိပါတယ်။