ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှာ ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးအားလုံး နုတ်ထွက်ပြီး နောက်ပိုင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ရပ်ဆိုင်းသွားပြီး အမျိုးသားညီညွတ်ရေးအစိုးရက ယာယီ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။
ခရမ်းမြို့နယ်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်နေ့စွဲနဲ့ အုပ်ချုပ်ရေးမှူးတွေအားလုံး နုတ်ထွက်ကြဖို့ သတိပေးပြီးနောက်ပိုင်း ခရမ်းမြို့ပေါ် ၁၃ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၅၆ ရွာက အုပ်ချုပ်ရေးမှူး ၆၅ ယောက်လုံးနုတ်ထွက်သွားခဲ့ကြတာပါ။
လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရက အောက်တိုဘာ ၁၂ ရက်နေ့ ရက်စွဲနဲ့ မြို့မိမြို့ဖ အစုအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအစုအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ ဌာနဆိုင်ရာ CDM ဝန်ထမ်းများအစုအဖွဲ့၊ တက်ကြွလှုပ်ရှားသူများအစုအဖွဲ့၊ တရားရေးနဲ့ကျန်းမာရေအစုအဖွဲ့ ၆ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့အချိုးကျ ယာယီကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်း ထားပါတယ်။