ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ရာထူးက ထုတ်ပယ်ခံရတဲ့ ကျောင်းဆရာ/ဆရာမ တွေကို အယူခံဝင်ပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ မြို့နယ်ပညာရေးဦးစီးမှူးဌာနက ခေါ်ယူနေပေမယ့် အယူခံဝင်မယ့်သူ မရှိသေးဘူးလို့ CDM ကျောင်းဆရာ/ဆရာမ တွေက ပြောပါတယ်။
ရထူးကထုတ်ပယ်ခံရပြီ အယူခံပြန်ဝင်မယ့် ကျောင်းဆရာ/ဆရာမ တွေအနေနဲ့ ပတ်စပို့ ဓာတ်ပုံ တစ်ပုံ နဲ့အတူ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာတွေနဲ့အတူ ဒီကနေ့ မနက် ၁၁ နာရီ နောက်ဆုံးထားပြီ မြို့နယ်ပညာရေးမှူးရုံးကို လာရောက်ရမယ်ဆိုပြီး ခေါ်ယူခဲ့တာလို့ CDM ကျောင်းဆရာတစ်ဦးက ပြောပါတယ်။
“ရှစ်လကျော်လာတဲ့အထိ အငတ်ငတ်အပြတ်ပြတ်နဲ့ ဒုက္ခတွေခံလာခဲ့ပြီးကာမှ ခုအချိန်မှာ ပျားရည်နဲ့ ဝမ်းချတာမျိုးကို လက်မခံနိုင်သလို ဆရာ/ဆရာမ စိတ်ဓာတ်တွေဟာ ကြာလေကြာလေ ခိုင်မြဲလေတာဖြစ်တာကြောင့် အယူခံပြန်ဝင်မှာ မဟုတ်ဘူး။”
CDM လုပ်ခဲ့တဲ့ သူတွေအနေနဲ့ ပြီးဆုံးတဲ့အထိလုပ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် နည်းမျိုးစုံနဲ့ သူတို့ ဘက်က ဘယ်လိုခေါ်ခေါ်ပြန်ဝင်ဖို့ဆိုတာ စိတ်ထဲမရှိကြတော့သလို တချို့ ဆရာ/ဆရာမ တွေအနေနဲ့ ဒုက္ခဆင်းရဲခံကာ အသေခံသွားမယ်ဆိုပြီး ဆုံးဖြတ်ထားကြတယ်လို့ ဆိုပါတယ်။
"ခုအချိန်ထိတော့ အယူခံပြန်ဝင်တာ တစ်ယောက်၊ နှစ်ယောက်လောက်တော့ ကြားတယ်။ ဒါလည်း ခုအချိန်ထိတော့ မသေချာသေးဘူး၊ ကျနော်တို့ လိုက်စုံစမ်းကြည့်တာ၊ နီးစပ်ရာ ဆရာ/ဆရာမတွေကို မေးကြည့်တာတော့ အယူခံပြန်မဝင်ကြဘူးလို့ သိရတယ်" ကျောင်းဆရာက ဆက်ပြောပါတယ်။
ညောင်လေးပင်မြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်ပြီးကတည်းက CDM ကျောင်းဆရာ/ဆရာမ တစ်ထောင်ကျော်ရှိခဲ့ပေမယ့် ခုလက်ရှိမှာ CDM ကျောင်းဆရာ/ဆရာမ ၃၉၀ ကျော်ကျန်ရှိနေတယ်လို့ သိရပါတယ်။