ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ အောက်တိုဘာ ၁၁ ရက်ညနေက လက်နက်ကြီး ကျည်ဆန်ကျရောက် ပေါက်ကွဲတာကြောင့် ရွာထဲမှာ ထင်းခွေနေတဲ့ ကလေး ၃ ယောက် အနက် ၁၂ နှစ်အရွယ်ကလေးငယ် တယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရသွားပါတယ်။
အသက် ၅ နှစ်အရွယ်ကလေးတစ်ယောက်၊ အသက် ၁၂ ရွယ်မိန်းကလေးတစ်ယောက်နဲ့ အသက် ၁၉ နှစ်အရွယ်ကလေးတစ်ယောက် စုစုပေါင်း ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပြီး အသက် ၁၂ အရွယ်မိန်းကလေးကတော့ ဆေးရုံလာတဲ့လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံ က ပြောပါတယ်။
"ရွာထဲမှာက လူကြီးတွေမရှိကြဘူး။ အလုပ်သွားကြတော့ ညနေ ၄ နာရီလောက်မှ အိမ်ပြန်ရောက်တော့ လူကြီးတွေကမသိကြဘူး၊ ကလေးတွေက ထင်းသယ်ရင်းနဲ့ မောလို့ဆိုပြီး ထိုင်နေတာ။ အဲ့နေရာကို ဗုံး ကျလာပြီး ပေါက်ကွဲတာ" လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်နက်ကြီးကျည်ကျတဲ့ ကျေးရွာက နမ့်ခမ်းမြို့နယ်ထဲက အောက်ခြေရွာဖြစ်ပြီး တောလမ်းနဲ့နီးတာကြောင့် ဘယ်အဖွဲ့က ပစ်တဲ့ လက်နက်လဲဆိုတာကိုမသိရဘူးလို့ဆိုပါတယ်။
“ရွာက အောက်ခြေရွာ၊ ပြီးတော့ တောလမ်းနဲ့လည်း နီးတယ်၊ အရင်က တောဘက်တွေမှာတော့ စစ်ကောင်စီက လူတွေနဲ့တိုက်ပွဲ ဖြစ်ကြတယ်။ ခုလို ရွာထဲကို လက်နက်ကြီးကျတာတော့ တခါမှမဖြစ်ဖူးဘူး" လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒီနေ့ အဆိုပါနေရာနားမှာ စစ်ကောင်စီတပ်သားတွေကိုပဲ မြင်တွေ့ရလေ့ရှိပြီး အခုအချိန်ထိ တိုက်ပွဲ ဖြစ်တာတွေ မရှိခဲ့သေးဘူးလို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရထားတဲ့အသက် ၁၉ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်က မွေးရာပါ စကား မပြောတတ်သူလို့သိရပြီး လက်ရှိ မူဆယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။