လောက်ကိုင်နဲ့ ရခိုင်ပြည်နယ်အတွင်း စခန်းသိမ်းတိုက်ပွဲတွေမှာ ရှေ့ဆုံးကနေ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တာကြောင့် သူရဘွဲ့ရရှိခဲ့တဲ့ စစ်ကောင်စီတပ်က တပ်ကြပ်ဇွဲမာန် ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်နေ့မှာ လွတ်မြောက်နယ်မြေကို ရောက်ရှိလာပြီလို့ People’s Soldiers ရွှေ့ပြောင်းရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
People’s Soldiers ရွှေ့ပြောင်းရေးဌာန တာဝန်ရှိသူတစ်ယောက်က “အခုလို ရပိုင်ခွင့် အခွင့်အရေးတွေကို စွန့်လွှတ်ပြီး အမှန်တရားအတွက် ရပ်တည်လာနိုင်သေးရင် တပ်ထဲမှာ ကျန်နေ သေးတဲ့သူတွေအနေနဲ့ စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးရုန်းထွက်ပြီး ပြည်သူ့ဘက်ကို ပူးပေါင်းလက်တွဲကြစေချင်တယ်”လို့ ပြောပါတယ်။
ကိုယ်ပိုင်အမှတ် တ-၅၃၇၀၅၃ တပ်ကြပ်ဇွဲမာန်ဟာ ခမရ (၅)အင်းမ၊တမခ (၆၆)က ဖြစ်ပြီး လောက်ကိုင်နဲ့ ရခိုင်ပြည်နယ် စစ်မြေပြင်မှာ ထူးချွန်စွာတိုက်ပွဲဝင်ခဲ့လို့ သူရဘွဲ့ရခဲ့သလို စစ်သက်အငယ်ဆုံးနဲ့ တပ်ကြပ်ရာထူးရရှိခဲ့သူဖြစ်ပါတယ်။
People’s Soldiers၊ ရွှေ့ပြောင်းရေးဌာနအနေနဲ့ အောက်တိုဘာလအတွင်း CDM ပြည်သူ့စစ်သား ၈ ဦးအထိ စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ရာနယ်မြေသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။