ကိုဗစ်ကပ်ရောဂါကြောင့် တစ်နှစ်ကျော်လောက်ပိတ်ထားခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က ကျိုက်ထီးရိုးဘုရားကို မွန်ပြည်နယ်စစ်ကောင်စီက ပြန်လည် ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီကို ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ဘုရားဖူးခွင့် ကန့်သတ်ထားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကျိုက်ထီးရိုးဘုရားပြန်ဖွင့်ဖို့နဲ့ လာမယ့် သီတင်းကျွတ်လပြည့်မှာ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပဖို့ ပြည်နယ်စစ်ကောင်စီက စီစဉ်နေတာ ဖြစ်ပါတယ်။
ကျိုက်ထီးရိုးဘုရား ပြန်ဖွင့်ဖို့အတွက် အောက်တိုဘာ ၂ ရက်နေ့မှာ ပြည်နယ်စစ်ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ဘုရားဂေါပကအဖွဲ့နဲ့ တောင်တက်မော်တော်ယာဉ်းအသင်းတွေကို သွားရောက် တွေ့ဆုံပြီး ဘုရားဖူးရာသီ ပြန်ဖွင့်ရင် စနစ်တကျ ပြင်ဆင်ထား ညွှန်ကြားထားတာလို့ ကျိုက်ထီးရိုး အာဏာပိုင်အဖွဲ့ဝင် တစ်ဦးကပြောပါတယ်။
စစ်ကောင်စီက ကျိုက်ထီးရိုးဘုရားပြန်ဖွင့်နိုင်ဖို့အတွက် ဈေဆိုင်းတန်းတွေ၊ စားသောက်ဆိုင်တွေအနေနဲ့ စနစ်တကျ ပြင်ဆင်ထားဖို့နဲ့ ဘုရားဖူးရာသီမှာ ကိုဗစ်စည်းကမ်းချက်နဲ့အညီ လုပ်ဆောင်ကြဖို့ ညွှန်ကြားထားပါတယ်။
ကျိုက်ထီးရိုး ဘုရားပြန်ဖွင့်ဖို့ ပြင်ဆင်မှုဟာ လက်ရှိကာလ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘုရားဖူးပြည်သူတွေအတွက် လုံခြုံရေးအတွက် စိတ်ချလို့မရတဲ့ အခြေအနေမှာ ရှိတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုကြပါတယ်။
ကျိုက်ထီးရိုးဘုရား ဖွင့်လှစ်ဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုဟာ ပြည်သူတွေ ကိုဗစ်ဘေး၊ စစ်ဘေးနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု အခက်အခဲ ရင်ဆိုင်နေရတဲ့အချိန်မှာ ပြည်နယ်အတွင်း အေးချမ်းတည်ငြိမ်မှုကို ပြသခြင်းလို့ လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ဒေသခံလူငယ်တွေက ပြောကြပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မဟာ KNLA တို့ တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသလို မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေ ဖြစ်ပွားနေပါတယ်။