ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့မှာ အောက်တိုဘာ ၅ ရက် ညပိုင်းက ကြံ့ခိုင်ရေးပါတီအင်္ကျီ ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက် သေနတ် ပစ်သတ်ခံရလို့ သေဆုံးခဲ့သွားပါတယ်။
ပစ်သတ်ခံရတဲ့ သူဟာ ဦးတန်ဂွန်းဆိုသူဖြစ်ပြီး ခါနန်ရပ်ကွက်၊ ဆိုင်ကယ်ဝပ်ရှော့နားမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတာကို အောက်တိုဘာ ၆ ရက် မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဘယ်အချိန်မှာ ပစ်သတ်ခံလိုက်ရလဲတော့မသိဘူး။ မနက်မှာ သေနတ်ဒဏ်ရာနဲ့ သေနေတာတွေ့တယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ မိသားစုတွေ သယ်သွားပြီး ညနေပိုင်းမှာ သင်္ဂြိုဟ်လိုက်တယ်။ ဘယ်သူ ပစ်သတ်သွားလဲ မသိဘူး" လို့ ဒေသခံတစ်ဦးကပြောပါတယ်။
သေဆုံးသူ ဦးတန်ဂွန်းဟာ ကြံ့ခိုင်ရေးပါတီအင်္ကျီ ဝတ်ထားပေမဲ့ ပါတီဝင် ဟုတ်၊ မဟုတ်တော့ တိတိကျကျ မသိရဘူးလို့လည်း အဲဒီဒေသခံက ပြောပါတယ်။
မိုးမောက်မြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးတာ ပထမဆုံး လည်းဖြစ်ပါတယ်။