မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ စစ်မှုထမ်းဟောင်းတွေကို စစ်မှုပြန်ထမ်းဖို့ စစ်တပ်က ပြန်လည်ခေါ်ယူနေတယ်လို့ မြို့နယ်စစ်မှုထမ်းဟောင်းနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
မြို့နယ်စစ်မှုထမ်းဟောင်းနဲ့ နီးစပ်သူတဦးက ''ပြန်ခေါ်တဲ့စစ်မှုထမ်းဟောင်းတွေထဲမှာ ဆေးဘုတ်နဲ့ ပင်စင်ယူထားတဲ့သူတွေကို အဓိကထားပြီးပြန်ခေါ်နေတာ။ အကျိုးအပြတ်နဲ့ အသက်အရမ်းကြီးနေရင်လည်း ပြန်မခေါ်ဘူး'' လို့ ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ထဲကို ပြန်ဝင်သူတွေဟာ မူရင်းပင်စင်လစာအပြင် နောက်ထပ်လစာအဖြစ်ကျပ် ၃ သိန်းထပ်မံရရှိမယ်လို့ ဆိုပါတယ်။
တပ်ထဲပြန်ဝင်သွားသူတဦးရဲ့ မိသားစုဝင်တဦးက ''ပင်စင်က ၈ သောင်းလောက်ပဲရတာ။ ကလေးတွေကများပြီး အလုပ်ကလည်းမရှိတော့ တပ်ထဲပြန်ဝင်သွားတာ ၂ လပြည့်တော့မယ်။ လစာ ၃ သိန်းရမယ်တော့ ပြောသံကြားတယ်။ ဘယ်တပ်ထဲမှာလည်း မသိဘူး။ အဆက်အသွယ်မရသေးဘူး။ အခုထိတော့ အိမ်ကို ပိုက်ဆံပြန်မလွှဲသေးဘူး။ ရှေ့တန်းတော့မထွက်ရဘူး ပြောတာဘဲ။ လုံခြုံရေးသက်သက်ပဲဆိုလို့ လိုက်သွားတာ။ ကျန်တာတော့ မသိတော့ဘူး'' လို့ ပြောပါတယ်။
တောင်တွင်းကြီးမြို့မှာ စစ်မှုထမ်းဟောင်း ၁၀၀ နီးပါးဟာ စစ်တပ်ထဲကို ပြန်လည်ဝင်ရောက်သွားပြီလို့ မြို့နယ်စစ်မှုထမ်းဟောင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။