Home
မြန်မာသတင်း
မိုင်းကိုင်မြို့နယ် ကုန်းပေါင်းရွာထဲ လက်နက်ကြီးကျသဖြင့် ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ
DVB
·
October 5, 2021
243475549_3043315442656112_2543688638271496926_n
243283290_384013726560861_2696454328191452534_n
243211887_3043315185989471_874060532946865181_n
244529429_576797663537423_2111918203452218608_n
244406059_4401086829967818_8376534932116300424_n
244035470_404553917907869_3630753584445185003_n
243725437_3043315069322816_5450659018686604602_n
243499386_3043315252656131_8890679256545432134_n

 ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ကုန်းပေါင်းရွာမှာ အောက်တိုဘာ ၄ ရက် ညနေပိုင်းက တောင်ယာကနေပြန်လာတဲ့ မိသားတစ်စု ရွာထဲဝင်လာစဉ် လက်နက်ကျည်တွေ ကျလာတာကြောင့် ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူ ၄ ဦးထဲက အိမ်ထောင်ဦးစီးဖြစ်တဲ့ အိုက်လွေ ခေါ် ကွန်ဆိုင်ကော် (အသက် ၃၀ နှစ်) မှာ ကျည်ဆန်က ညာဘက်ဝမ်းဗိုက်ထဲဝင်သွားပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် မိုင်းကိုင်ပြည်သူ့ဆေးရုံကြီးမှာ ဒီကနေ့မနက် ၁၁ နာရီဝန်းကျင် ဆုံးပါးသွားခဲ့တယ်လို့  စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ စိုင်းဆိုင်ဟန်က ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့ကတောင်ယာကနေ ရွာပြန်လာတုန်း ဘယ်ဘက်ကပစ်လိုက်မှန်းမသိတဲ့ လက်နက်ကျည် ကျလာတာ ၂ ခါကျတယ်တဲ့။ အိုက်လွေရယ် သူ့မိန်းမ နဲ့ ကလေး ၂ ယောက်၊ အိုက်လွေက ဗိုက်ထဲကိုကျည်ဝင်တဲ့ဒဏ်ရာနဲ့ ဒီကနေ့မနက် ၁၁ နာရီလောက်က ဆုံးသွားပြီ။ ကျနော်တို့ အခုသူ့ အသုဘရောက်နေတယ်။ အခုပဲ အလောင်းသင်္ဂြိုဟ်မယ်၊ သူ့မိန်းကတော့ ပေါင်မှာဒဏ်ရာရတယ်၊ ကလေး ၂ ယောက်က လက်နဲ့ ခြေတောက်တွေမှာ သူတို့လည်း ဆေးရုံမှာ၊ ဒဏ်ရာ မစိုးရိမ်ရဘူး။”

မနေ့က သူတို့ရွာအနီးမှာ ရှမ်းတပ် RCSS နဲ့ SSPP + TNLA တပ်ပေါင်းစုတွေ ကြားတိုက်ပွဲဖြစ်ပြီး လက်နက်ကျည်တွေ ရွာထဲကျကာ အိမ်ခြေအချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

ရွာထဲလက်နက်ကြီးကျည်ကျတာကြောင့် ကုန်းပေါင်နဲ့ ကုန်းလိုင်းကျေးရွာက ရွာသားတွေ တချို့က ထော်လာဂျီနဲ့၊ တချို့က ကားနဲ့၊ တချို့က  ကျွဲတွေနွားတွေပါဆွဲပြီး ရွာလုံးကျွတ်  ခြေလျင်ထွက်ပြေးလာကြတယ်လို့ မိုင်းကိုင်ဒေသခံတွေက ပြောပါတယ်။

ပန်ကေတုကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ထဲမှာ ကုန်းပေါင်း၊ ကုန်းလိုင်းရွာက အိမ်ထောင်စု ၁၈၀ လူဦးရေစုစုပေါင်း ၈၀၀ ကျော်ရှိပြီး  သူတို့နေထိုင်ဖို့ ယာယီတဲထိုးပေးနေတယ်လို့ စိုင်းဆိုင်ဟန်က ဆက်ပြောပါတယ်။ 

“ဒီပန်ကေတုရွာမှာ အရင်လက ဟိုခိုက်ကျေးရွာအုပ်စုဘက်ကနေစစ်ဘေးရှောင်လာတဲ့  ရွာသားတွေ ၂၂၃၀ ဦးရှိနေတယ်၊ ဘုန်းကြီးကျောင်းမှာရော၊ စာသင်ကျောင်းမှာရော။ ဈေးထဲမှာရော နေရာတွေပြည့်သွားလို့ အခုတော့ လယ်ကွက်ထဲမှာပဲ ယာယီတဲထိုးပြီးနေဖို့ လုပ်ပေးနေပါတယ်ခင်ဗျ။”

မိုင်းကိုင်မြို့နယ်ထဲမှာ အရင် စက်တင်ဘာလလယ်လောက်ကစ ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) + တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်တို့ကြား နယ်မြေစိုးမိုးရေးပြဿနာကြောင့် တိုက်ပွဲဖြစ်နေပြီး ဟိုခိုက်အုပ်စုရှိ  ရွာပေါင်း ၁၉ ရွာက ရွာသားတွေဟာ ပန်ကေတု၊ ဟမ်းငိုင်းကျေးရွာအုပ်စုထဲကို ထွက်ပြေးတိမ်းရှောင်လာကြတာပါ။ 

လက်ရှိမိုင်းကိုင်မြို့နယ်ထဲမှာ   ပန်ကေတုရွာရောက် စစ်ဘေးရှောင် ၃၀၀၀ ကျော်၊ ဟမ်းငိုင်းအုပ်စု ကုန်းစုံရွာနဲ့ လွိုင်စက်ရွာမှာ ၉၀၀ ကျော်၊ နောင်တောဝ်းရွာမှာ ၁၀၀ ကျော်၊ မိုင်းကိုင် ရပ်ကွက် ၆ ထဲမှာ ၃၀ ကျော်၊ ဟွေနွဲ့ရွာမှာ အိမ်ထောင်စု ၅ ခုနဲ့ စုစုပေါင်း ၄၀၀၀ ကျော် ရောက်ရှိ ခိုလှုံနေကပြီး စားနပ်ရိက္ခာ၊ ဆေးဝါးတွေ နဲ့ ယာယီတဲထိုးဖို့ အလှူရှင် လိုအပ်နေကြောင်း၊ ကူညီလိုပါက ဖုန်းနံပါတ်  ၀၉ ၄၅၉၀၀၃၃၆၃ သို့မဟုတ် ၀၉ ၇၇၈၇၇၇၃၇၂ ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024