မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာတွေကို စစ်ကြောင်းဆင်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်သား ၂ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ပေါက်ကွဲမှုကို မြင်တွေ့လိုက်ရတဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ကားသုံးစီးနဲ့ လက်နက်ကိုင်အင်အား ၅၀ ဝန်းကျင်လောက်ဟာ ရေစကြိုမြို့ သရဖူ ဇက်ဆိပ်ကနေ ဇက်နဲ့ ကူးလာစဉ် ဖောက်ခွဲခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို မြေတော်တိုက်နယ်ဆေးရုံကို ဆေးကုသဖို့ ဆေးရုံတင်ထားတယ်လို့ လည်း ဒေသခံတွေဆီက သိရပါတယ်။
ပေါက်ကွဲမှုဟာ အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ညနေပိုင်းအထိ ရေလည်ကျွန်းကျေးရွာတွေကို လိုက်လံပစ်ခတ်နေတယ်လို့ သိရပါတယ်။
ကျေးရွာ ဒေသခံတစ်ဦးက “ပေါက်ကွဲမှုဖြစ်တာက သူတို့ဝင်လာပြီးတော့ သိပ်မကြာဘူးပေါက်ကွဲမှုဖြစ်တယ်။ နှစ်ယောက်သေတယ်။ ကျန်တဲ့ ထိခိုက်သူတွေလည်းရှိတယ်။ မြေတော်ဆေးရုံမှာ ထိထားတဲ့ စစ်ခွေးတွေကို တင်ထားတယ်ကြားတယ်၊ မနက်က လှေခုတ်(ကျေးရွာ)က စစ်ဘေးရှောင်ပြည်သူတွေလည်း ကိုယ့်အိမ်က တောင်းတွေ၊ ဆန်ကောတွေ၊ အိုးခွက်ပန်းကန်တွေ မပြီး ပြေးကြရတာပေါ့၊ အသက်ကြီးရွယ်အိုတွေမှာ နေကပူ မြေငွေ့ကပြန်နဲ့ ပြေးကြရတာ အတော်သနားစရာကောင်းတယ်။ စားစရာက ဘယ်မလဲမသိဘူး ပြေးကြရတာပဲသိတယ်”လို့ ပြောပါတယ်။
ဒီညနေ ၄ နာရီလောက်မှာ စိုးရိမ်ရတဲ့ ဒဏ်ရာရ စစ်သားတွေကို မြေတော်တိုက်နယ်ဆေးရုံက ရေစကြိုမြို့ပေါ်ဆေးရုံကို လွှဲပြောင်းပေးတာကြောင့်ညနေပိုင်းမှာ စစ်ကားတွေ ဆိုင်ကယ်တွေနဲ့ ကျွဲတဲကုန်းကျေးရွာနဲ့ မိဖုရားကျေးရွာတွေဘက်က ပြည်သူတွေကို လှည့်ပတ်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ဒေသခံရွာသားတစ်ဦးက “သူတို့အထိနာထားတော့ နောက်ရက်ပိုကြမ်းမလားမသိဘူး။ မိဖုရားရွာဘက်ဝင်သွားတော့ ပစ်သံခတ်သံတွေကြားနေရသေးတယ်။ ဆိုင်ကယ် ၄ စီး ကားက ၃ စီး ရွာထဲဝင်သွားတယ်။ မြို့ပေါ်ဘက်ပြန်မလားမသိဘူး။ မြေတော်တိုက်နယ်မှာတော့ စခ ကားတစ်စီးကျန်ခဲ့သေးတယ်။ ဒဏ်ရာရတဲ့ စခတွေအတွက်ချန်ခဲ့တာလားမသိဘူး၊ မြေတော်ရဲစခန်းက ထိုးစစ်မှာ လိုက်သွားတဲ့ ရဲနှစ်ယောက်လည်းဒဏ်ရာရသွားတယ်ကြားတယ်။ အခုညနေပိုင်းအထိတော့ မပြန်ကြသေးဘူး”လို့ ပြောပါတယ်။
ရေစကြိုမြို့ပေါ်မှ ရေလယ်ကျွန်းကျေးရွာတွေကိုသွားရောက်ဖို့ သရဖူဇက်ဆိပ်နဲ့ ပေါက်တော ဇက်ဆိပ်နှစ်ခု ရှိပြီး ပေါက်တောဇက်ဆိပ်ကို စစ်ကောင်စီတပ်က သိမ်းယူထားပါတယ်။