မြန်မာနိုင်ငံမှာ အင်တာနက်ဖြတ်တောက်ထားမှုနဲ့ မီဒီယာလွတ်လပ်ခွင့် ဆက်လက်ကန့်သတ်ထားမှုတို့ဟာ ထိခိုက်လွယ်သော လူမှုအသိုက်အ၀န်းအတွက် အန္တရာယ်ဖြစ်စေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာယူကေသံရုံးက ထုတ်ပြန်ပါတယ်။
အဆိုပါကန့်သတ်ချက်တွေဟာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလနဲ့ အကြမ်းဖက်မှုဖြစ်ပေါ်နေတဲ့ နေရာဒေသတွေမှာ အသက်ကယ်သတင်းအချက်အလက်တွေ လက်လှမ်းမှီရရှိနိုင်မှု ကျဆင်းစေတယ်လို့ဆိုပါတယ်။
သတင်းအချက်အလက်ရရှိနိုင်မှုလျော့နည်းတာကြောင့် မြန်မာပြည်သူလူထုရဲ့ စီးပွားရေးနဲ့ အသက်မွေး၀မ်းကြောင်းလုပ်ငန်းတွေကိုပါ ထိခိုက်စေနိုင်ကြောင်းနဲ့ လွတ်လပ်ပြီး စစ်မှန်တဲ့ သတင်းအချက်အလက် စီးဆင်းမှုကို ပံ့ပိုးပေးနေသူတွေကို ယူကေအစိုးရက ဆက်လက်ကူညီပေးသွားမယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးတချို့အနေနဲ့ သတင်းထုတ်ပြန်ခြင်းမပြုမီ သတင်း အချက်အလက်တွေကို ဂရုပြုစိစစ်ကြဖို့နဲ့ မြန်မာနိုင်ငံအစိုးရမှ တရားဝင်ထုတ်ပြန် ထားတဲ့ သတင်းအချက်အလက်တွေကို အလေးထားဖော်ပြသွားကြဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်သတိပေးထားပါတယ်။
သံရုံးတချို့ဟာ မြန်မာနိုင်ငံ မြို့နယ်တချို့မှာ အင်တာနက် ဖြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာကို စိုးရိမ်ပူပန်ကြောင်း မမှန်ကန်၊ မရေရာတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ထုတ်လွှင့်တဲ့ လူမှုကွန်ရက် စာမျက်နှာရှိ သတင်းတွေကို ကိုးကား ထုတ်ပြန်နေတာတွေ့ရတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
အင်တာနက်ဖြတ်တောက်မှုဟာ ဆက်သွယ်ရေး တာဝါတိုင်တွေ ဖျက်ဆီးခံရလို့ ဖြစ်တယ်လို့လည်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာပြည်တွင်း စစ်ကောင်စီတပ်တွေ အပြင်းအထန်ထိုးစစ်ဆင်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲက မြို့တွေရွာတွေမှာ စစ်ကောင်စီက အင်တာနက်လိုင်းတွေရော ဖုန်းလိုင်းတွေပါ ဖြတ်တောက်ထားသလို သတင်းမီယာတွေကိုလည်းဖိနှိပ်၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချ နေတာဖြစ်ပါတယ်။