ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာ ၂၂ ရက်နေ့က စားစရာ သွားဝယ်ရင်း ပျောက်ဆုံးနေတဲ့ ညီအစ်ကို ဝမ်းကွဲနှစ်ဦးရဲ့ ရုပ်လောင်းကို မနေ့က ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့ဆီက သိရပါတယ်။
ကိုစူးရယ် ၂၄ နှစ်နဲ့ ကိုကျော်လင်းပိုင် ၂၁ နှစ်တို့ဟာ စက်တင်ဘာ ၂၂ ရက်နေ့က ဖဲလျားရွာကနေ လိုအပ်တဲ့ စားစရာသွားဝယ်ဖို့ ထွက်သွားရာကနေ ဖုန်းအဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေတာပါ။
ဒေသခံတွေနဲ့ ဆွေမျိုးတွေ လိုက်လံရှာဖွေရာမှာတော့ ဒီးမော့ဆိုမြို့နယ် ဒေါခလိုက်လင်း ဘောလုံးကွင်းမှာ အသတ်ခံထားရပြီး ပုပ်သိုးနေတဲ့အလောင်းကို ပြန်တွေ့ခဲ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။
“စက်တင်ဘာလ ၂၂ ရက်နေ့တုန်းက ကိုစူးရယ်ပေါ့နော်။ ကိုစူးရယ်မှာ ကလေးငယ် ၃ ယောက်ရှိတယ်။ အဲဒါ သူတို့ လွိုင်ကော်သွားပြီး သားသမီးအတွက် စားစရာသွားဝယ်ဖို့ သူညီဝမ်းကွဲ ထက်လင်းပိုင်အတူတူ ခေါ်သွားပြီးမှ လွိုင်ကော်သွားမယ်ပေါ့။ အဲဒါကို ဒေါခလိုက်လင်း ဘောလုံးကွင်းနားအရောက်မှာ စစ်ကောင်စီကနေပြီးတော့မှ ပစ်သတ်လိုက်တယ်တဲ့။ အဲဒါ တပတ်လောက်ကြာ မနေ့ကမှ သိရတာ။ ဘာဖြစ်လဲဆိုတော့ ဆုံးသွားတဲ့ကောင်ရဲ့အမေကနေပြီးတော့မှ ဒေါခလိုက်လင်းကို လိုက်သွားတာ၊ လိုက်သွားတော့ ဒေါခလိုက်လင်းအရောက်မှာ အလောင်းတွေ့တာပေါ့နော်။”
သူတို့နှစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ကာ ဘောလုံးကွင်းအနား ပစ်ထားခဲ့တာဖြစ်ပြီး ပျောက်ဆုံးတဲ့ရက်မှာပဲ အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
ကိုစူးရယ်ဟာ ဖဲလျားရွာကဖြစ်ပြီး သားသမီးသုံးယောက်နဲ့ဇနီး ဖြစ်သူ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။
မနေ့ညကလည်း ဒီးမော့ဆို သေးဆူလဲရွာက စစ်ဘေးရှောင် ပြည်သူ ၃ ဦးဟာ စားစရာ ပြတ်လပ်နေတာကြောင့် ရွာကိုပြန်ပြီးဆန်သွားယူစဉ် လမ်းမှာ စစ်ကောင်စီဘက်က ထောင်ထားတဲ့ မိုင်းနှင်းမိပြီး တဦးမှာ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တိုးတက်သော ကရင်နီပြည်သူအင်စားစုရဲ့ စက်တင်ဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် သပိတ်အတွင်း သေဆုံးသူ ၂ ဦး၊ စစ်ကောင်စီက ပစ်သတ်တာကြောင့် သေဆုံးသူ ၇၂ ဦးနဲ့ စစ်ရှောင်စဥ်သေဆုံးသူ ၆ ဦး၊ KNDF နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက သေဆုံးသူ ၂၁ ဦးရှိတယ်လို့ ဖော်ပြပါတယ်။
ဒါကြောင့် ကရင်နီ(ကယား) ပြည်နယ်မှာ အာဏာသိမ်းပြီးနောက် သေဆုံးသူ ၁၀၃ ဦးရှိသွားပြီဖြစ်ပြီး စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ ၇၄ ဦးရှိသွားပြီ ဖြစ်ပါတယ်။