စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျီးကုန်းရွာမှာ စက်တင်ဘာ ၂၂ ရက် ညပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ရဲမိသားစုဝင် ၅ ဦးရဲ့သေဆုံးရုပ်အလောင်းတွေကို သင်္ဂြိုဟ်ပေးမယ့်သူ မရှိ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“သေဆုံးသူ ရဲမိသားစု အလောင်းတွေကို အခုချိန်ထိ လာမကောက်သေးပါဘူး။ အလောင်း တွေက ပုပ်ပွနေပြီး ခွေးစား ကျီးထိုးနေတယ်။ သေဆုံးနေတဲ့ နွားတွေရောပဲ။ ကျီကုန်းရွာဟာ သုသာန်တစပြင်လိုဖြစ်နေတယ်။ သတင်းတွေမှာတော့ ရဲမိသားစု ၄ ဦးလို့ ပါတယ်။ အဲဒီအိမ်မှာ တကယ်နေတာက မိသားစု ၅ ဦးပါ။ သူတို့အားလုံး သေသွားတာပါ” လို့ ဒေသခံတစ်ဦးက အတည်ပြုပြောပါတယ်။
ဦးရဲမြင့်၊ မစန်းလှိုင်၊ ကေခိုင်ဦး(သမီးအကြီး)၊ ချောစုလှိုင်၊ ကျော့မှူးကေသွယ် စတဲ့ မိသားစု ၅ ဦး အသတ်ခံခဲ့ရတာဖြစ်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။
ရဲမိသားစု အသတ်ခံရပြီးနောက် ကျီကုန်း တောင်ရွာကို စက်တင်ဘာ ၂၃ ရက်နေ့မနက်ပိုင်းမှာ အရပ်ဝတ်ရဲနဲ့ စစ်သားတွေလာရောက်ပြီး ငါတို့က PDF တွေကွဆိုပြီး စတင်မီးရှို့ခဲ့လို့ NLD ထောက်ခံသူတွေရဲ့နေအိမ် ၁၈ လုံး မီးလောင်ကျွမ်းခဲ့ကာ၊ စက်တင်ဘာ ၂၄ ရက်နေ့မနက်ပိုင်မှာလည်း ဒုတိယအကြိမ် မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၅ လုံးထပ်မံ မီးလောင်ခဲ့တာဖြစ်ပါတယ်။
တန့်ဆည်မြို့နယ်၊ ကျီကုန်းတောင်ရွာဟာ အိမ်ခြေ ၅၀ လောက်ရှိပြီး စစ်တပ်က မီးရှို့ခဲ့လို့ နေအိမ် ၂၃ လုံးနဲ့ စပါးကျီတွေရော မီးလောင်ကျွမ်းကာ စပါးတင်းရေ ၃၀၀၀ လောက် ဆုံးရှုံးပျက်စီးသွားတယ်လို့ သိရပါတယ်။
နေအိမ်မီးရှို့ခံရတဲ့ ပြည်သူလူထုဟာ နီးစပ်ရာကျေးရွာတွေက သူတို့ရဲ့ဆွေမျိုးသားချင်း တွေဆီ တိမ်းရှောင်နေကြရပြီး စစ်တပ်က မကြာခဏ လာရောက်နေလို့ အခုချိန်အထိ ရွာမပြန်ရဲသေးဘူးလို့ သိရပါတယ်။