ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်၊ ဖောင်းဆိုင်ဒေသကို သံလွင်မြစ် အရှေ့ဘက်ခြမ်း၊ လောက်ကိုင်ဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာ ၂၇ ရက်နေ့ ည ၁၀ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မုံးကိုးမြို့နယ်၊ ပူဝမ်ကျေးရွာအုပ်စု၊ မန်ခါးကျေးရွာရှိ ဦးတန်ဂွန်းရဲ့ နေအိမ်ကို လက်နက်ကြီးကျည် ကျရောက် ထိမှန်ခဲ့ပြီး အမျိုးသမီးနဲ့ သားဖြစ်သူတို့ ကျည်ထိမှန် ဒဏ်ရာရသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဦးတန်ဂွန်းရဲ့ အမျိုးသမီးဖြစ်သူ ဒေါ်လဘန်ရွယ်က ခြေထောက်မှာ ထိမှန်ပြီး သားဖြစ်သူ အသက် ၉ နှစ် အရွယ်ရှိ မာဘုံကိုတော့ ဦးခေါင်း၊ နား အရင်းနား၊ ကိုယ်နဲ့ ခြေထောက်တွေမှာရော လက်နက်ကြီးကျည်စ ထိမှန်သွားတာကြောင့် ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတယ်လို့ ဒေသခံက ပြောပါတယ်။
“ခုကလေးက အရမ်းစိုးရိမ်ရတယ်။ မျက်စိနားမှာရော၊ ကိုယ်မှာရော၊ နားရင်းနားမှာရော ထိသွားတယ်။ နား နားကတော့ ထုတ်(ကျည်စ) လို့ မရသေးဘူး။ ခု ဆရာဝန်တစ်ယောက်ကို သွားခေါ်နေတုန်း။ အဲဒီ ဆရာဝန် ရောက်လာမှ ထုတ်လို့ရမှာ။”
စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာလည်း မုံးကိုးဘက် စစ်ကောင်စီအဖွဲ့က မုံးကိုး ဖော်မော်၊ မန်ဂျက်တို့ဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ညနေပိုင်း ၄ နာရီကျော်လောက်မှာတော့ ကြူကုန် (ပန်ဆိုင်း) ဘက်ကနေ မုံးကိုးဘက် အင်အားဖြည့်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကား ၁၁ စီး အဖွဲ့ကို ကိုးကန့် MNDAA အဖွဲ့က မုံးကိုး မရောက်ခင် နမ့်ဆူရွာဘက်က တံတားမှာ ကြားဖြတ်တိုက်ခိုက်တာကြောင့် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ အနီးနား ရွာခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၂၅ နဲ့ ၂၆ ရက် နှစ်ရက်လုံးမှာ စစ်ကောင်စီတပ် အနေနဲ့ ကိုးကန့် MNDAA တပ်စိုက်ရာ မုံးကိုးဘက်ကို ထိုးစစ်ဆင်လာတယ်လို့ စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လယ် ကိုးကန့် သတင်းမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဖြစ်ပွားတာကြောင့် မုံးကိုးမြို့နယ်နဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်မှာ စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ရှိပြီး လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရသူ ၃ ဦး၊ လက်နက်ကြီး ကျည်ထိမှန် သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၆ ဦး၊ မိုင်းနင်းမိ သေဆုံးသွားသူ ၁ ဦး ရှိပြီ ဖြစ်ပါတယ်။