စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းဖို့နဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (BPDF)ကို ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း ကြေညာ လိုက်ပါတယ်။
ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စက်တင်ဘာ ၂၅ ရက်နေ့မှာ ဘုတလင်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စည်းရဲ့ တပ်မတော်အဖြစ် ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (BPDF) တာဝန်ရှိသူတွေထံကနေ သိရပါတယ်။
ဘုတလင် BPDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ ကျနော်တို့ရည်ရွယ်ချက်ကတော့ အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ဖို့နဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ရာ ဖွဲစည်းခဲ့တာပါ။ ကျနော်တို့အဖွဲ့အနေနဲ့ ရည်ရွယ်ချက်ချင်းတူတဲ့ ဘယ်အဖွဲ့နဲ့မဆို အတူလက်တွဲလုပ်ကိုင်ပြီး ကျနော်တို့ ပြည်သူ့ အစိုးရ NUG ရဲ့ တည်ဆောက်လုပ်ငန်းစဉ်အတိုင်း ပါဝင်ဆောင်ရွက်သွားမယ်”လို့ ပြောပါတယ်။
ဘုတလင်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြေအောက်တော်လှန်ရေးအဖွဲ့အဖြစ် ရပ်တည်ခဲ့ပြီး လက်ရှိမှာ အများသိရှိတဲ့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (BPDF) အဖြစ်တရားဝင် မြေပေါ်လှုပ်ရှားမှုတွေ လုပ်ကိုင်သွားမယ်လို့ အဖွဲ့တာဝန်ရှိသူထံက သိရပါတယ်။