ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ရဲစခန်းအနားမှာ စက်တင်ဘာ ၂၆ ရက် မနက် ၁၀ နာရီလောက်က ဗုံးဖောက်ခွဲခဲ့တယ်လို့ ကျုံပျော်စစ်အာဏာရှင်တိုက်ဖျက်ရေး ပြည်သူ့ လှုပ်ရှားမှုအဖွဲ့က အတည်ပြုထုတ်ပြန်ပါတယ်။
ကျုံပျော်မြို့နယ်ရဲ့ ရုံးကြီး၀င်းအတွင်းက ကော်မရှင်ရုံးရှေ့၀င်ပေါက်အနီး မြက်ခင်းပြင်မှာ ဗုံး ပေါက်တာဖြစ်ပြီး မြို့နယ်တွင်းက စစ်ကောင်စီလက်ပါးစေတွေကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲတာ ဖြစ်တယ်လို့ ကျုံပျော်စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ကျုံပျော်မြို့ခံတစ်ဦးက "မနက် ၁၀ နာရီကျော်လောက်က ထွေအုပ်ရုံးဘက်၊ ရုံးကြီးအရှေ့လမ်းပေါ်မှာ ဗုံးပေါက်တာ အသံကျယ်တယ်၊ လူတွေထိခိုက်မှု မရှိဘူးလို့တော့ ကြားတယ်။ အခု စစ်သားတွေရောက်ပြီး လမ်းသွား ၊လမ်းလာတွေကို စစ်တာလုပ်တယ်"လို့ ပြောပါတယ်။
ကျုံပျော်မြို့က စစ်သားနဲ့ရဲတွေအနေနဲ့ CDM လုပ်ပြီး ပြည်သူနဲ့ ပူးပေါင်းဖို့နဲ့ စစ်ကောင်စီလက်အောက်မှာပဲ ဆက်လက်တာ၀န်ထမ်းဆောင်မယ်ဆိုရင် ကျုံပျော်စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့က အမြစ်ပြတ်သုတ်သင်မယ်လို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။