မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင် အုပ်စု၊ အောက်နမ့်ဟွယ်ရွာ ဘုန်းကြီး ကျောင်းအနီးက Mytel တာဝါတိုင်နားမှာ အမျိုးသားတစ်ဦး စက်တင်ဘာလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက မိုင်းထိတာကြောင့် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
ဒေသခံတစ်ဦးက “Mytel တိုင်နားမှာ မိုင်းနင်းမိတာ ခြေထောက်တော့ ထိသွားတယ်။ အဲဒါ ကွတ်ခိုင်စစ်ဆေးရုံကို ပါရမီက လိုက်ပို့တယ်” လို့ ပြောပါတယ်။
မိုင်းနင်းမိသူမှာ အသက် ၂၉ နှစ်ရှိ ကိုအောင်သူ ဆိုသူဖြစ်ပြီး နမ့်ဟွယ်က မဟုတ်ဘူးလို့ ကူညီပေးသူတဦးက ပြောပါတယ်။
“သူက ဖုန်းကုမ္ပဏီဝန်ထမ်းတွေ။ မန္တလေး တမ္ပဝတီဘက်က။ သူ့နေရပ်ပေါ့နော်။ လာပြင်ရင်း ဖြစ်သွားတဲ့ ပုံစံမျိုးပဲ။ သူတစ်ယောက်တည်းတော့ မဟုတ်ဘူး။ သူတို့ ဝန်ထမ်းတွေပါတယ်လေ။ လေး၊ ငါး၊ ခြောက်ယောက်လောက်ပါမယ်ထင်တယ်။ ထိတာက သူပဲ။ ညာဘက်ခြေထောက် ထိသွားတာ။ ခြေဖျား ခြေဖမိုးပေါ့ ပြောမယ်ဆိုရင်။ အဲဒါပြတ်သွားတာ။”
ဒဏ်ရာပြင်းထန်တာကြောင့် ကွတ်ခိုင်ဆေးရုံကနေ စစ်ဆေးရုံကို ပိုဆောင်လိုက်ပြီး အသေးစိတ်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
မိုင်းထိ ပေါက်ကွဲမှုဖြစ်ပြီးနောက် နမ့်ဟွယ်ကျေးရွာအနီးအနားမှာ စစ်ကောင်စီတပ်တွေ လုံခြုံရေး တိုးမြှင့် ကင်းစောင့်ချထားတာကြောင့် ဒေသခံတွေ တောင်ယာဘက် အလုပ်မသွားရဲကြဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံတဝန်း စစ်ကောင်စီပိုင် မိုင်တယ်တာဝန်တိုင်တွေ ဖျက်ဆီးခံနေရတာ ၈၀ ကျော်ရှိလာပြီ ဖြစ်သလို စစ်ကောင်စီကလည်း ဖုန်းတာဝါတိုင်အနီးတွေ ကင်းစောင့်ပြီး မိုင်းချတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Photo - ပါရမီလူမှုကူညီရေးအသင်း၊ ၁၀၅ မိုင်