ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ စက်တင်ဘာ ၂၂ ရက် ည ၈ နာရီလောက်က အမျိုးသား လူငယ်တစ်ဦး အပါအဝင် မိသားစုဝင် သုံးဦး ဖမ်းဆီးခံခဲ့ရပါတယ်။
မိုးဒါးစုရပ်ကွက်နေ မောင်စောကြည်ခန့်ဖြိုး၊ သူရဲ့အမေနဲ့ အစ်မ ဖြစ်သူတို့ကို စစ်ကောင်စီ တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေထံက သိရပါတယ်။
"စောကြည်ခန့်ဖြိုးကို လာဖမ်းတာ သူ့အမေနဲ့ သူ့အစ်မလည်း ဖမ်းခံသွားရတယ်။ သူက ပရဟိတလည်း လုပ်တယ်။ ဘာကြောင့်ဖမ်းတာလည်းတော့မသိဘူး။ သူက အိမ်မှာ မနေတာ ကြာပြီ။ အိမ်ခဏ ပြန်လာတုန်း ဖမ်းခံရတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မောင်စောကြည်ခန့်ဖြိုး အိမ်ကိုပြန်လာချိန် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အိမ်စီးကား နှစ်စီးနဲ့ အရပ်ဝတ်နဲ့ လာရောက်ကာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘယ်နေရာမှာ ဖမ်းဆီးခေါ်ဆောင်ထားတယ်ဆိုတာတော့ မသိရသေးပါဘူး။
စက်တင်ဘာ ၂၃ ရက်နေ့ မနက်မှာတော့ မိခင်ဖြစ်သူ တစ်ဦးကိုသာ ပြန်လည်လွတ်မြောက်ပေး ခဲ့ပြီး အစ်မ ဖြစ်သူမှာလည်း မလွတ်မြောက်သေးကြောင်း ဒေသခံတွေထံက သိရပါတယ်။