ရန်ကုန်တိုင်း တိုက်ကြီးမြို့မှာ စက်တင်ဘာ ၂၂ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တိုက်ကြီးမြို့ ဗောဓိကုန်းရပ်ကွက်က စစ်ကောင်စီခန့် ရာအိမ်မှူး သိန်းဝင်းဇော်ကို ဒီကနေ့ မနက် ၉ နာရီကျော်လောက်က ဘောလုံးကွင်း ၁ လမ်းအဝင်မှာ ဆိုင်ကယ်စီးလာတဲ့ လူ ၂ ယောက်က သေနတ်နဲ့ ပစ်သတ်လိုက်ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ဒေသခံတစ်ယောက်က DVB ကို ပြောပါတယ်။
အဲဒီရာအိမ်မှူးဟာ အကြမ်းဖက်စစ်အုပ်စု ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ သားတော်စပ်သလို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာကြောင့် ပစ်သတ်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့စည်းက ပြုလုပ်တယ်ဆိုတာကိုတော့ မသိရသေးဘူး လို့ ဆိုပါတယ်။
အဲဒီရာအိမ်မှူး အသတ်ခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုတွေ ရောက်လာပြီးတော့ တိုက်ကြီးမြို့နယ်ထဲက နေရာတစ်ချို့မှာ လားသွားလမ်းလာပြည်သူတွေကို ပိတ်ဆို့ ရှာဖွေ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။