ကရင်ပြည်နယ်၊ သံတောင်မြို့သစ် (၁၃ မိုင်)၊ ကားလမ်းဘေးမှာ အကြမ်းဖက်စစ်အုပ်စုကို ထောက်ခံပြီး သတင်းပေးဒလန်လို့ လူသိများတဲ့ အမျိုးသားတယောက် စက်တင်ဘာ ၁၉ ရက် ညနေ ၆ နာရီကျော်လောက်က သေနတ် ၃ ချက်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သတင်းပေးအဖြစ် လူသိများသူ ဦးဝဏ္ဏဆိုသူဟာ သံတောင်မြို့သစ် မြိုလယ်ကောင် ကားလမ်းဘေးမှာ အမည်မသိ သေနတ်သမားက သေနတ်နဲ့ ၃ ချက် ပစ်ခတ်ခဲ့တဲ့အတွက် သံတောင်ကြီး ပြည်သူ့ဆေးရုံကို ပို့ဆောင်စဥ် သေဆုံးခဲ့တာပါ။
သေဆုံးသူဟာ ဆိုင်ကယ်ပြင်ဆိုင်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး ဆန္ဒပြလူငယ်တွေကို ဖိအားလိုက်ပေးနေသူတစ်ဦး ဖြစ်သလို လူထုလှုပ်ရှားမှု ဆန္ဒပြပွဲတစ်ခုမှာ လူငယ်တစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“သူက စစ်တပ်ထောက်ခံတဲ့သူ။ လှုပ်ရှားမှုလုပ်တဲ့သူတွေကို ဖိအားလိုက်ပေးတယ်။ သူ့ကို တခါပစ်ပြီးပြီ။ ခြေထောက် ထိသွားတယ်။ အခုတခါတော့ မြို့ထဲမှာပဲ ဝင်ပစ်လိုက်တော့ သေသွားတယ်။”
ဖြစ်စဥ်ဖြစ်ပွားပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး စစ်ဆေးစုံစမ်းတာ၊ လုံခြုံရေးတင်းကျပ်တာတွေ လုပ်ဆောင်နေပါတယ်။