မန္တလေးတိုင်း မိုးကုတ်မြို့ ပိတ်စွယ်ရပ်ကွက်က ကိုရှမ်းလေးကို စစ်ကောင်စီက အင်အားသုံးပြီး နေအိမ်မှာ ဒီနေ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အင်အားသုံးပြီး လာဖမ်းသွားတာ၊ ဘေးအိမ်မှာ အသုဘရှိတော့ လူအများကြီးရှိတာတောင် တစ်ယောက်မှမလှုပ်နဲ့ဆိုပြီး သေနတ်ထောင်ပြီး ကိုရှမ်းလေးကိုဖမ်းသွားတာ၊ ဒလန် နှစ်ယောက်လည်း ပါတယ်" လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ကိုရှမ်းလေးကို စစ်အုပ်စုက ဘာကြောင့် အင်အားသုံး ဖမ်းဆီးတယ်ဆိုတာကို မသိရဘူးလို့ ဆိုပါတယ်။
"စစ်ကားသုံးစီးနဲ့ နေအိမ်ကိုဝင်ရှာတာ၊ ကိုရှမ်းလေးက ရှောင်နေတယ်၊ မပါသွားဘူး ထင်နေတာ။ သူကပြန်ရောက်နေတော့ လာဖမ်းသွားတာနဲ့ပါသွားတာ။ မိန်းမကလည်း ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်။ သူက သပိတ်တွေမှာတောင် သိပ်မပါဘူး” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့မှာ စစ်အုပ်စုက နေရာအနှံ့နဲ့ နေအိမ်တွေမှာပါ လိုက်လံရှာဖွေစစ်ဆေးနေပြီး ဖုန်းတွေကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။