ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်က မြစ်ဆုံကျေးရွာနဲ့ နန်းပန်းဘက်ကို ဆက်သွယ် ထားတဲ့ နန့်မိတ်ကြိုးတံတားက စက်တင်ဘာ ၂၀ ရက်နေ့ မနက်က မိုးများရေတိုးတာကြောင့် ရေနဲ့ မျောပါ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"တံတားက မြစ်ဆုံကျေးရွာက တံတား၊ ကျေးရွာနဲ့ဟိုဘက်က ရွှေတောတို့ အခင်းတို့ ဘက်ကို ဆက်သွယ်ထားတဲ့တံတား၊ မြောက်ဘက်မှာက ရွှေလီမြစ်၊ တောင်ဘက်မှာက နမ့်မိတ်ချောင်းနဲ့ နမောင်းချောင်း၊ ရွှေလီမြစ်နဲ့ ချောင်းနှစ်ချောင်း ဆုံတဲ့ ချောင်းဝက တံတား၊ ဒီနေ့ပဲရေထဲပါသွားတယ်။"
မြောက်ဘက်ရွှေလီမြစ်က စီးလာတဲ့ရေနဲ့ တောင်ဘက် နမိတ်နှမောင်းချောင်းနှစ်ချောင်း တို့ စီးလာတဲ့ရေတွေဆုံတဲ့ နေရာက ကြိုးတံတား ရေထဲမျောပါသွားတာလို့ ဆိုပါတယ်။
ကြိုးတံတားက အရှည် ၇၅၀ ပေ၊ အကျယ် ၉ ပေ၊ အမြင့် ၁၂ပေ ရှိတဲ့ တံတားဖြစ်ပြီး မိုးမိတ်မြို့နဲ့ ၁၈ မိုင်ဝေးတယ်လို့ သိရပါတယ်။
မိုးမိတ်မြို့မှာ စက်တင်ဘာ ၁၈ ရက်နေ့ကစပြီး ၂ ရက်ဆက်တိုက် မိုးရွာသွန်းတာကြောင့် ရေတိုးပြီး တံတားပျက်စီးသွားကာ မြို့ထဲကရွာတွေမှာ ရေဝင်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။