ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပေါ်ခဲ့တာကြောင့် နေအိမ် ၈ လုံး အရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။
ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် ဟင်္သာဒုံးကျေးရွာနဲ့ ပေကုန်း ကျေးရွာတွေမှာ မြစ်ကမ်းပါးပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ် ၈ လုံး အရေးပေါ် ရွှေ့ပြောင်းခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
“နှစ်တိုင်းလိုလို ဒီဒေသတွေက ပြိုနေတာပါ၊ ဒီနှစ်တော့ စက်တင်ဘာလဆန်းပိုင်းက စပြိုတာပေါ့။ ခုလိုမျိုး ပြိုရင်တော့ ရွာထဲက ဘုန်းကြီးကျောင်းမှာ ခဏထားပြီးရင် နေရာပြန်ပေးရတာပေါ့” လို့ ဒေသခံရွာအိမ်မှူးတဦးက ပြောပါတယ်။
မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိပေမယ့် မြစ်ကမ်းပါးပြိုကျတဲ့အနားက အမျိုးသား ၁၉ ဦး၊ အမျိုးသမီးအယောက် ၂၀ နေထိုင်တဲ့ နေအိမ် ၈ လုံးကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဝါးခယ်မမြို့နယ်အတွင်းက ကမ်းပြိုရွာမှာ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။