မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး အကြမ်းဖက်ရိုက်နှက်လို့ အုန်းတော ၁ ရပ်ကွက်၊ ၅၅၀ ကွက်သစ်မှာနေထိုင်တဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသား ၁ ဦး စက်တင်ဘာလ ၁၈ ရက် ဒီနေ့မနက်က သေဆုံးသွားတယ်လို့ မိသားစုအသိုက်အဝန်းကနေ သိရပါတယ်။
ဦးကျော်ကျော်ကို စစ်ကောင်စီတပ်သားတွေက အုန်းတော ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖမ်းခေါ်လာပြီးနောက် ဦးကျော်ကျော်က အကျိုးအကြောင်း ရှင်းပြတာကိုလက်မခံဘဲ တညလုံးရိုက်နှက်ကန်ကျောက်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။
မနက် ၆ နာရီမှာတော့ ဦးကျော်ကျော်ရဲ့ မိသားစုကိုဆက်သွယ်လာလို့ မိသားစုကသွားခေါ်တဲ့အခါ အသက်ရှိသေးပေမဲ့ လုံးဝမလှုပ်နိုင်တော့တဲ့အတွက် သုံးဘီးယာဉ်နဲ့အိမ်ပြန်ခေါ်လာကာ မကွေးဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ မကွေးဆေးရုံမှာတင် ဒီမနက် ၁၁ နာရီလောက်က သေဆုံးသွားခဲ့တာလို့ လည်းပြောပါတယ်။
''မနေ့ (စက်တင်ဘာ ၁၇) က ည ၁၀ နာရီ ခွဲလောက်က သူ့အမျိုးနေမကောင်းတာခေါ်လို့သွားတာ။ ညမထွက်ရ အမိန့်ရှိတယ်ဆိုတာသူသိတယ်။ သူ့အမျိုးအိမ်က အုန်းတော ၁ ထဲမှာပဲမို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုဝင်ပြောပြီးမှသွားမယ်ဆိုပြီး ဆိုင်ကယ်နဲ့ထွက်သွားတာ။ သိပ်မကြာဘူး သေနတ်ဖောက်သံကြားရတာပဲ။ ဖုန်းကလည်း ပါသွားဘူး။ သူ့ခန္ဓာကိုယ်မှာတော့ သေနတ်ကျည်ဆန်ရာ မတွေ့ဘူး။ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေကတော့ တကိုယ်လုံးပဲ ညိုမဲလို့။ ဒီလောက်အထိလုပ်လိမ့်မယ်လို့ထင်မထားဘူး။ ပြည်သူအပေါ်မှာ ရက်စက်လိုက်ကြတာ'' လို့ ဦးကျော်ကျော်ရဲ့ မိတ်ဆွေက ပြောပါတယ်။
တောင်တွင်းကြီးမြို့ပေါ်မှာ ၁၀ ရပ်ကွက်ရှိတဲ့အနက် အုန်းတော ၁ ရပ်ကွက်နဲ့ အုန်းတော ၂ ရပ်ကွက်ဟာ နယ်မြေချင်းထိစပ်နေတယ်လို့ သိရပါတယ်။
သေဆုံးသွားသူ ဦးကျော်ကျော်မှာ ဇနီးနဲ့ အရွယ်ရောက်ပြီး သား ၁ ယောက်၊ သမီး ၁ ယောက်ကျန်ခဲ့ပြီး ကောင်းရောင်းကောင်းဝယ်အလုပ်နဲ့ ရိုးသားစွာဘဝရပ်တည်နေသူဖြစ်ကြောင်း သိရပါတယ်။
ဦးကျော်ကျော် သေဆုံးမှုနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ တောင်တွင်းကြီးရဲစခန်းကို ဆက်သွယ်တဲ့အခါ သေမှုသေခင်းနဲ့အမှုဖွင့်ဖို့များပြီး အထက်အမိန့်ကိုစောင့်ဆိုင်းနေကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတဦးက ဖြေကြားပါတယ်။
တောင်တွင်းကြီးမြို့နယ်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ရိုက်နှက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားသူ ဒေသခံပြည်သူ ၇ ဦးအထိရှိသွားပြီဖြစ်ကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။