ကရင်နီ(ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ၆ မိုင်ကျေးရွာနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ကရင်နီတပ်မတော် KA တပ်ကြပ်ကြီးတဦး ထိခိုက်ကျဆုံးခဲ့တယ်လို့ ကရင်နီတပ်မတော် KA က ထုတ်ပြန်ပါတယ်။
ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီနဲ့ ၆ မိုင်ကျေးရွာ နယ်မြေအတွင်းရှိ စစ်ရှောင်စခန်းဆီကို ဦးတည်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ အင်အား ၁၀၀ လောက်နဲ့ ကရင်နီတပ်တော် KA၊ KNDF ပူးပေါင်းတပ်တို့ စက်တင်ဘာလ ၁၆ ရက်နေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ည ၇ နာရီလောက်ကနေ တိုက်ပွဲစတင်ကာ ၄၅ မိနစ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့မှုအတွက် ကရင်နီတပ်မတော် တပ်ကြပ်ကြီး နားရယ် (ခေါ်) အယ်ဒီဟာ လက်နက်ကြီး ကျည်ထိမှန်ခဲ့ပြီး တော်တွင်းဆေးခန်းတနေရာမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း တခြားတပ်သား ၂ ဦးလည်း ဒဏ်ရာရရှိထားကြောင်းလည်း သိရပါတယ်။
ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားရာ ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီနဲ့ စံပြ (၆) မိုင်ကျေးရွာတို့မှ ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာအထိ၊ လွိုင်ကော်-ဒီမော့ဆို-ဖရူဆို လမ်းတစ်လျှောက် ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ ခရီးသွားလာခြင်းမပြုဖို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက စက်တင်ဘာ ၁၆ ရက်နေ့ မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး KNDF အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီပြည်တစ်ဝန်းလုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ပြီး အမြစ်ပြတ်ခြေမှုန်းသွားမယ်လို့လည်း ထုတ်ပြန်ထားတာရှိပါတယ်။