ထိုင်းနိုင်ငံမှာ အခြေခံအလုပ်သမားလိုအပ်ချက်ဖြေရှင်းတဲ့အနေနဲ့ အိမ်နီးချင်းနိုင်ငံမှရွှေ့ ပြောင်းလုပ်သားတွေ အယောက် ငါးသောင်းကနေ ရှစ်သောင်းအထိ MOU (နှစ်နိုင်ငံ သဘောတူချက်စာချုပ်)အရ ခေါ်ယူဖို့ ထိုင်းအစိုးရက ပြင်ဆင်နေပါတယ်။
လက်ရှိထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုမြင့်မားနေဆဲဖြစ်ပေမဲ့ အလုပ်သမား လိုအပ်ချက်တွေလည်းရှိနေတာကြောင့် ရောဂါကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီ အမ်အိုယူ လုပ်သားတွေ ခေါ်ယူဖို့ပြင်ဆင်နေကြောင်း ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဆူချတ် ချူမ်းကလင်က ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအစည်းအဝေးမှာ ပြောပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ရေးဘောင်ထဲကနေ အလုပ်သမားခေါ်ယူနိုင်ဖို့ လုပ်ငန်းစဉ်အဆင့်ဆင့် ဆွေးနွေးညှိနှိုင်းပြီးရင် ထိုင်းနိုင်ငံကိုဗစ်-၁၉ အခြေအနေစီမံကွပ်ကဲရေးဗဟိုအဖွဲ့ထံ တင်ပြသွား မှာဖြစ်ကြောင်း၊ ကနဦးအနေနဲ့ အမ်အိုယူလုပ်သား ငါးသောင်းကနေ ရှစ်သောင်းထိ ခေါ်ယူနိုင်မ ယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ MOU နဲ့ ဝင်ရောက်လာမယ့်အလုပ်သမားတွေကို အုပ်စုလိုက် အရောင် ၃ ရောင်နဲ့ ခွဲခြားသတ်မှတ်မယ်လို့ သိရပါတယ်။
ပထမ အစိမ်းရောင်အုပ်စုမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ်ရော ဒုတိယ အကြိမ်ပါ နှစ်ခါလုံး တစ်လကျော်ထိုးနှံပြီးခဲ့သူတွေ၊ သူတို့တွေဟာ ကာကွယ်ဆေးထိုးပြီး ကြောင်း သက်သေအထောက်အထား ၊ ပတ်စပို့နဲ့ အလုပ်ခွင်တန်းဝင်နိုင်တဲ့ အုပ်စုဖြစ်ပါတယ်။
ဒုတိယ အဝါရောင်အုပ်စုမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ခါလုံးထိုးပြီးပေမဲ့ ၁ လ မပြည့်သေး သူတွေအုပ်စုဖြစ်ပါတယ်။
တတိယ အနီရောင်အုပ်စုကတော့ ကိုဗစ်ကာကွယ်ဆေး ၁ ကြိမ် သို့မဟုတ် တစ်ကြိမ်တစ်ခါမျှ မထိုးရသေးသူတွေအုပ်စုပါ။
အမ်အိုယူလုပ်သားတွေဟာ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတာနဲ့ သက်ဆိုင်ရာခရိုင်ကိုဗစ်-၁၉ စင်တာက စီစဉ်ထားတဲ့ အစိုးရ သို့မဟုတ် ပုဂ္ဂလိက ကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်ဖို့၊ ကွာရန်တင်းဝင်နေဆဲကာလ ကုန်ကျစရိတ်ကို အလုပ်ရှင်မှ တာဝန်ယူဖို့၊ အလုပ်သမားတွေကို Swab ၃ ခါယူပြီး ကိုဗစ်-၁၉ စစ်ဆေးဖို့၊ အလုပ်သမားမှာ ကိုဗစ်-၁၉ ကူးစက်ခံရပါက ဆေးကုသစရိတ် အလုပ်ရှင်က တာဝန်ယူဖို့ စတဲ့ သတ်မှတ်ချက်တွေလည်း ရှိပါတယ်။
အမ်အိုယူအလုပ်သမားခေါ်ယူလိုတဲ့ စက်ရုံအလုပ်ရုံ ( သို့မဟုတ် ) အလုပ်ရှင်တွေဟာ ပထမဆုံး မိမိနေတဲ့ခရိုင်အလုပ်သမားရှာဖွေခန့်ထားရေးရုံးမှာ လျှောက်လွှာတင်ထားရမှာ ဖြစ်ပြီး သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံမှ လာရောက်လုပ်ကိုင်လိုတဲ့အလုပ်သမားစာရင်းတွေ ပေးပို့ထားရမှာပါ။
အလုပ်ရုံ ( သို့ ) အလုပ်ရှင်မှ စာရင်းကြည့်ပြီး ခန့်ထားလိုသူတွေ ရွေးချယ်ရမှာဖြစ်ပြီး အလုပ်သမားတင်သွင်းတဲ့နောက် သူတို့ရဲ့ အလုပ်သမားမှတ်ပုံတင်ကတ် ( WP ) ၊ လူမှုဖူလှုံရေးကတ် ( ပရကန်ဆန်ခုံး) ( သို့မဟုတ် ) ကျန်းမာရေးအာမခံကတ်( သို့မဟုတ် ) အသက်အာမခံကတ်တွေကို အလုပ်ရှင်မှ တာဝန်ယူဆောင်ရွက်ပေးဖို့ရှိပြီး အလုပ်လုပ်ခွင့်ပါမစ် ၂ နှစ်စာအတွက် ကုန်ကျငွေ ထိုင်းဘတ် ၁၉၀၀ ကျသင့်မှာဖြစ်ပါတယ်။
အလုပ်သမား ဥပဒေ ပုဒ်မ ၃၃ အရ လူမှုဖူလှုံရေးကတ် ( ပကန်ဆန်ခုံး) ရှိ အလုပ်သမားတိုင်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ထိုးနှံခွင့်ရရှိမှာ ဖြစ်ပါတယ်။ လူမှုဖူလှုံရေးကတ် မရှိပါက အဆိုပါအလုပ်သမားအတွက် ကာကွယ်ဆေးထိုးနှံခကို အလုပ်ရှင်က တာဝန်ယူရမှာဖြစ်ကာ ဒီအတွက် အလုပ်သမားရဲ့ လုပ်အားခထဲကနေ ဖြတ်တောက်ခြင်းမပြုရလို့ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ပတ်စပို့လုပ်ရာမှာ အဆင်ပြေစေဖို့ စမွတ်ဆာ ခွန်းခရိုင်မှာ ဖွင့်လှစ်ထားတဲ့ အချက်အလက်စုဆောင်းရေးယာယီစင်တာ The Temporary Data Collection Centre : TDCC) ကိုလည်း နောက်ထပ် ၁ နှစ် တိုးမြှင့်ဖွင့်လှစ်ပေးသွားမယ်လို့ ဆိုပါတယ်။
အထက်ပါ အကြောင်းအရာတွေကို ထိုင်းနိုင်ငံကိုဗစ် - ၁၉ စီမံကွပ်ကဲရေးဗဟိုအဖွဲ့ကို တင်ပြပြီး အတည်ပြုချက်ရမှာသာလျှင် စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။
ကိုးကား- ThailandPlus/Prachachat