စစ်ကောင်စီ သတ်မှတ်ထားတဲ့ အများပြည်သူ အလုပ်ပိတ်ရက် ကုန်ဆုံးပြီဖြစ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန) ရဲ့ ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းတွေကို စက်တင်ဘာ ၁၃ ရက်မှာ ပြန်လည် စတင်ပါတယ်။
ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန ရွာသာကြီး ၊ထောက်ကြန့် ၊ နေပြည်တော် ၊ မန္တလေး ရုံးတွေရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို အများပြည်သူအလုပ်ပတ်ရက်တွေအတွင်း ယာယီ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။
ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမူဦးစီးဌာနက လုပ်ငန်းစတင်တဲ့ရက်ကစပြီး စက်တင်ဘာလ ကုန်အတွင်း လာရောက်ဆောင်ရွက်တဲ့ ကနဦးယာဉ်မှတ်ပုံတင် ဝန်ဆောင်မှုတွေအတွက် ကျသင့်တဲ့ ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးငွေကို လျော့ပေါ့ ကောက်ခံဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ထား ပါတယ်။
နိုဝင်ဘာ ၃၀ရက် မတိုင်မီ ပေးဆောင်မယ်ဆိုရင် ရုံးပိတ်ရက်ကာလတွေဖြစ်တဲ့ ဇူလိုင် ၇ ရက်ကနေ စက်တင်ဘာ ၁၀ ရက်အထိ စုစုပေါင်း ၅၆ ရက်စာအတွက် ရက်လွန်ဒဏ်ကြေး ကင်းလွတ်ခွင့်ပေးမယ်လို့ ထုတ်ပြန်ထားတာပါ။
စက်တင်ဘာ ၃၀ ရက်နောက်ပိုင်းမှ လာရောက်ဆောင်ရွက်တဲ့ ကနဦးမော်တော်ယာဉ်တွေကတော့ မူလသတ်မှတ်ချက်အတိုင်း ဒဏ်ကြေး ပေးဆောင်ရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သက်တမ်းတိုးယာဉ်တွေအနေနဲ့ သတ်မှတ်ကာလအတွင်း အချိန်မှီဆောင်ရွက်ပါက ဒဏ်ကြေးကင်းလွတ်ခွင့်ပြုမှာဖြစ်ပြီး သတ်မှတ်ရက်ကျော်မှ လာရောက်ဆောင်ရွက်ပါက ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမူဥပဒေနဲ့အညီ မှတ်ပုံတင် ဖျက်သိမ်းမယ်လို့ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၃ ရက်ကနေစပြီး နိုင်ငံဝန်ထမ်းတွေကို ၂ ပတ်ရုံးတက်၊ နှစ်ပတ်အိမ်ကနေ ရုံးလုပ်ငန်း ဆောင်ရွက်ဖို့ ကိုဗစ် ဗဟိုကော်မတီက ညွှန်ကြားချက်ထုတ်ပြန်တဲ့စာလည်း ထွက်ရှိ ထားပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့လယ်က ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ မြင်သာရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုဦးစီးဌာနရုံး (ကညန) ရှေ့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။