စစ်ကိုင်းတိုင်း ချင်တွင်းမြစ်အတွင်းမှာ စက်တင်ဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းကစပြီး စစ်ကောင်စီက စစ်သင်္ဘောတစ်စီး၊ ရေလမ်းပြ စပိဘုတ်နှစ်စီးနဲ့ ရေလမ်းကင်းလှည့်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမြင့်ကျေးရွာသားတစ်ဦးက “ဒီနေ့ နေ့လယ်ပိုင်းက ဧရာဝတီမြစ်ကြောင်းကနေတဆင့် ချင်းတွင်းမြစ်အတွင်းကို တက်လာတယ်ထင်တယ်ဗျ။ ဒီနေ့ ၃ နာရီကျော်လောက်မှာ ချောင်းဦးမြို့နယ် အမြင့်ဆိပ်ကမ်းတဝိုက်မှာ ရေကြောင်းကင်းလှည့်နေတာ။ လက်နက်ခဲယမ်းတွေလား၊ ရိက္ခာတွေလားတော့ မသိဘူးဗျ။ စစ်သင်္ဘောကြီးပေါ်ကတော့ ကုန်တွေနစ်နေတာပဲ။ အဲစစ်သင်္ဘောဘေးမှာ စပီဘုတ်လေးနှစ်စီးက လုံခြုံရေးကင်းလှည့်ပေးနေတာမြင်ရတယ်" လို့ ပြောပါတယ်။
ချင်းတွင်းမြစ်အတွင်း နယ်မြေစိုးမိုးရေးခေါင်းစဥ်နဲ့ စစ်သင်္ဘောနဲ့ ချင်းတွင်းမြစ်အထက်ပိုင်းကနေ ကျောက်စိမ်းလို့ယူဆရတဲ့ အဖိုးတန်ပစ္စည်းတွေ သယ်ဆောင်လာတာတွေလည်း ရှိခဲ့ပါတယ်။
အဲလိုသယ်ဆောင်ရာမှာ စစ်သင်္ဘောပေါ် ပါလာတဲ့ အကြမ်းဖက်တပ်တွေက ကနီမြို့နယ် ချင်တွင်းမြစ်ကမ်းဘေးနေထိုင်တဲ့ ကျေးရွာအချို့ကိုဝင်ပြီး မီးရှို့တာတွေ လက်နတ်ကြီးနဲ့ ကျေးရွာတွေအတွင်း ပစ်ခတ်တာတွေလည်း လုပ်ခဲ့တဲ့ဖြစ်စဥ်တွေ ရှိတယ်လို့ ချင်တွင်းမြစ်ဘေးနေ ဒေသခံတွေဆီက သိရပါတယ်။