စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာမှာ စက်တင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီလောက်က စစ်ကောင်စီခန့် ရာအိမ်မှူး အသက် ၄၀ အရွယ် ကိုနိုင်စိုးကို အမည်မသိ အဖွဲ့အစည်းတစ်ခုက သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာသားတစ်ဦးက "သူရှုပ်လို့ သူအရှင်းခံရတာပဲ။ တောထဲမှာ အလောင်းကို လှည်းနဲ့ကောက်လာပြီး အိမ်မှာထားတာ။ ခင်ဦးမြို့က စစ်ကားနှစ်စီးက ၃ နာရီလောက်ကျ လာကောက်သွားတယ်။ သူတို့လာတော့ ရွာသားတချို့က ကြောက်ပြီး ရှောင်သွားကြတယ်'' လို့ ပြောပါတယ်။
သူဟာ ခင်ဦးမြို့ ပျူစောထီးအဖွဲ့ရဲ့ အထူးထောက်လှမ်းရေးလို့ ရွာသားတွေက သိထားကြပြီး PDF တွေကို ထောက်ပံ့ပေး၊ အလှူခံပေးနေတဲ့ ယောက်သွားအိုင်ရွာသားတချို့ကိုလည်း စစ်ကောင်စီကို သတင်းပေးနေတယ်လို့ ရွာခံတွေက ဆိုပါတယ်။
ရွာရဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကတော့ ပြည်ခိုင်ဖြိုးပါတီက ဦးဝင်းနိုင် သေနတ်အပစ်ခံရပြီးကတည်းက နုတ်ထွက်သွားတယ်လို့ သိရပါတယ်။
ရွာသားတဦးက "မြို့နယ်ရုံးကို တံဆိပ်တုံးတွေဘာတွေ သွားအပ်လိုက်ပြီလို့ သိရတယ်။ သူကတော့ ရွာမှာ ဘာမှ ဒုက္ခမပေးဘူး။ ပြည်ခိုင်ဖြိုးက ကိုဝင်းနိုင်ကတော့ ရွာကို စစ်ကားတွေလာမယ်ဆိုပြီး ခဏခဏခြိမ်းခြောက်လို့ မေလလောက်ကတည်းက ရွာကနေ ခဏခဏထွက်ပြေးကြရတယ်။ ရွာမှာတော့ ပစ္စည်းအလုခံရတာ၊ လူဖမ်းတာမျိုးတော့ မကြုံရသေးဘူး” လို့ ပြောပါတယ်။