ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်မှာ စက်တင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်လောက်က စစ်ရဟတ်ယာဉ် နှစ်စီး ပျံသန်းနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဒေသခံတစ်ဦးက "မြို့ပေါ်မှာပဲ ပတ်နေတာ အခုတောင် ၂၀ကြိမ်လောက်ရှိနေပြီ။ နှိမ့်နှိမ့်လေး ပျံနေတာ။ အရောင်တွေတောင် သဲသဲကွဲကွဲမြင်ရတယ်။ အခုဖားကန့်က အင်တာနက်လိုင်းလည်း မရတော့ ဘာတွေ ဆက်ဖြစ်လာမလဲ မသိဘူး" လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ အင်တာနက်လိုင်း ဖြတ်တောက်လိုက်ချိန်ကစပြီး ဒေသခံတွေဘက်က အခက်အခဲတွေဖြစ်နေသလို စိုးရိမ်ပူပန်မှုတွေ ရှိနေကြတာပါ။
ဖားကန့်မြို့နယ်ကို ဩဂုတ် ၂၀ ရက်နေ့ ည ၈ နာရီပိုင်းကစပြီး အင်တာနက်လိုင်း ဖြတ်တောက်ထားတာ ၃ ပတ်လောက် ရှိနေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နေ့ မွန်းလွဲပိုင်းကလည်း ဖားကန့်မြို့နဲ့ အနီးတဝိုက်ကို စစ်ရဟတ်ယာဉ် ၂ စီးလာရောက်ပျံသန်းခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။