အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်း ဒီကနေ့ ကြေညာပြီးပြီးနောက် မြန်မာပြည်သူတွေအနေနဲ့ အားလုံးပါဝင်ကူကြဖို့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမင်းမော်ကွန်းက တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် တိုက်ပွဲခေါ်သံ မကြာခင်လာတော့မှာမို့ အစစအရာရာ ကြိုတင်ပြင်ဆင်ထားကြဖို့လည်း ပြည်သူတွေကို သတိပေးထားပါတယ်။
မင်းမော်ကွန်းဟာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင်ချိန်ကတည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု တွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၇ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
စက်တင်ဘာ ၇ ရက် ဒီနေ့မနက်ပိုင်းမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံ တွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ကြေညာထားပါတယ်။