အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စက်တင်ဘာလ ၇ ရက်မှ စတင်ပြီး နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်ကစပြီး စစ်ကောင်စီဟာ နိုင်ငံတော် အချုပ်အခြာအာဏာကို လက်နက်အားကိုးနဲ့ အဓမ္မလုယူသိမ်းပိုက်ထားရုံမက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါး အကြမ်းဖက် အန္တရာယ်ပြုနေတာ၊ ပြည်သူတွေကလည်း နည်းလမ်းစုံနဲ့ စစ်အာဏာရှင်အုပ်စိုးမှုကို ခုခံတွန်းလှန်နေတာ၊ အခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းပစ်ဖို့လိုအပ်လာတဲ့ အခြေအနေ အရပ်ရပ်ကြောင့် နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်တာလို့ ဆိုပါတယ်။
အရေးပေါ်အခြေအနေ သက်ရောက်တဲ့ နယ်မြေဟာ ပြည်ထောင်စုနိုင်ငံတော်တစ်ဝန်းလုံး ဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်တဲ့ အချိန်အထိ သတ်မှတ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
နိုင်ငံတော်အားအရေးပေါ်အခြေအနေ အဖြစ် သတ်မှတ်ကြောင်း အမိန့်ကြေညာချက် ထုတ်ပြန်ပြီး ဖြစ်လို့ ဒီကနေ့ စတင်ပြီး ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း နဲ့ အလုပ်ဆင်းရန် မလိုအပ်ကြောင်းလည်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထုတ်ပြန်ကြေညာလိုက်ပါတယ်။