စစ်ကောင်စီက အောင်ဘာလေထီရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးတိုးပေမယ်လို့ ကြေညာခဲ့ပေမယ့် ရောင်းအားကောင်းမလာဘဲ ထီကုန်သည်တွေ အရှုံးပေါ်နေပါတယ်။
ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ အောင်ဘာလေထီစာအုပ်ပေါင်း ၁၂၄,၀၀၀ ကျော်ပဲ ရောင်းချခဲ့ရပြီး အရင်လတွေထက် ရောင်းအားပိုကျလာပါတယ်။
စစ်ကောင်စီက ထီလက်မှတ်ရောင်းရငွေ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးတွေပေးမယ်လို့ ကြေညာခဲ့ပေမယ့် ရောင်းအားဆက်လက်ကျဆင်းနေတာဖြစ်ပါတယ်။
အရင်လတွေတုန်းက ထီစာအုပ်ပေါင်း ၁၄၀,၀၀၀ ဝန်းကျင်ရောင်းကုန်ခဲ့ပြီး ရှေ့ဆက်အလားအလာမကောင်းဘူးလို့ ထီကုန်သည်တချို့က ပြောပါတယ်။
စက်တင်ဘာ ၁ ရက်နေ့ အောင်ဘာလေထီဖွင့်ပွဲမှာ အမြင့်ဆုံးဆုအဖြစ် ငွေကျပ်သိန်း ၅ ထောင်ဆုကိုပဲ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
အရှုံးပေါ်နေတဲ့အတွက် ဇူလိုင်လကတည်းက အရောင်းအဝယ်တွေ နားထားတယ်လို့ ထီကုန်သည်တစ်ဦးက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးထီပေါ်ပေါက်လာတာ၊ အောင်ဘာလေထီကို ပြည်သူတွေက သပိတ်မှောက်ထားတာ၊ ကိုဗစ်ကြောင့် ရုံးတွေ အလုပ်တွေ ရပ်နားထားရတာကြောင့် အောင်ဘာလေထီရောင်းအား ဆက်လက်ကျဆင်းနေတာလို့ ထီကုန်သည်တစ်ယောက်ကပြောပါတယ်။
စစ်ကောင်စီက ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးတိုးပေးမယ်လို့ ပြောထားပေမယ့် ရောင်းအားအတက်အကျအခြေအနေကို စက်တင်ဘာလကုန်မှ သိနိုင်မယ်လို့ ထီကုန်သည်တစ်ဦး က ပြောပါတယ်။
နယ်မြို့တွေမှာ ခေါက်ပြန်ကြေးနဲ့ အောင်ဘာလေထီအရောင်းအဝယ်လုပ်သူတချို့ကတော့ ရောင်းမကောင်းတဲ့အတွက် အကြွေးတင်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာမသိမ်းခင်က အောင်ဘာလေသိန်းဆုဌာနက အမြင့်ဆုံးဆုကြေးအဖြစ် ငွေကျပ်သိန်း တစ်သောင်းခွဲအထိ ပေးခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လစဉ်ပုံမှန်ထီမဖွင့်နိုင်တော့ဘဲ ဖွင့်ခဲ့တဲ့ အကြိမ်တွေမှာလည်း သိန်း ၅ ထောင်ဆုပဲ အမြင့်ဆုံးပေးနိုင်ပါတော့တယ်။