ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထဲမှာ ကေအန်ယူ တပ်မဟာ(၁)နဲ့ စစ်ကောင်စီတပ်တွေ သြဂုတ် ၂၉ မနက်က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။
ဘားအံမြို့နယ်၊ တကောင်ဘိုးကျေးရွာအုပ်စု၊ မီးပုံးကျေးရွာအနီး ဒီနေ့ မနက် ၇ နာရီခွဲလောက်က KNLA တပ်ရင်း(၁)နဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေ ၁၅ မိနစ်လောက် တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၃ ဦး သေဆုံးခဲ့ပေမဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLAဘက်ကတော့ ထိခိုက် ကျဆုံးမှုမရှိဘူးလို့ ကေအန်ယူ-ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနခွဲက သတင်းထုတ်ပြန်ပါတယ်။
သြဂုတ် ၂၈ ရက်နေ့က ကေအန်ယူ-တပ်ရင်း ၂၀၃ ထိန်းချုပ်နယ်မြေအတွင်း ရတနာပုံလမ်းမကြီး ၂၃ မိုင်/၁၆ မိုင်/ရတနာပုံနဲ့ မြိတ်လမ်းဆုံတို့ နေရာ ၃ ခုမှာ စစ်ကောင်စီတပ်တွေ နေရာချထားတယ်လို့လည်း ကေအန်ယူထုတ်ပြန်ချက်အရ သိရပါတယ်။
သြဂုတ် ၂၃ ရက်နဲ့ ၂၄ ရက်အတွင်း ကေအန်ယူ - မူတြော်ခရိုင် တပ်မဟာ ၅ ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့တွေနဲ့ နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်တွေအကြား ပစ်ခတ်မှုပေါင်း ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၁ ယောက် သေဆုံးကာ ၉ ယောက် ဒဏ်ရာရရှိတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
Photo- KNU