စစ်ကိုင်းတိုင်း ၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာမှာ ဩဂုတ် ၂၆ ရက် မနက်ပိုင်းက တည်းက စစ်တပ်က အင်အားအလုံးအရင်းအရင်းနဲ့ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့လို့ ရွာသား တစ်ဦး သေဆုံးသွားပါတယ်။
အလားတူ ဩဂုတ် ၂၉ ရက်မှာလည်း သေနတ်ပစ်ခတ်ခံရလို့ သေဆုံးထားတဲ့ ရုပ်ပျက်နေတဲ့ အလောင်းတွေ ထပ်မံတွေ့ရှိခဲ့တဲ့အတွက် သေဆုံးသူ ဦးရေ ၇ ဦးရှိသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကာပေါင်းကျရွာသားတစ်ဦးက “သင်္ချိုင်းကုန်းထဲက ၃ လောင်း၊ ရွာအနောက်ဘက်ကပ်ရက်က ၂ လောင်း၊ စုစုပေါင်း ၅ လောင်း တွေ့ထားတယ်။ အလောင်းတွေအားလုံးကတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ၊ စဝင်တဲ့နေ့က ပစ်သတ်ထားပုံ ပေါ်တယ်။ အဲဒီထဲက တချို့ကိုပဲ အမည်သိတယ်။ တချို့လည်း မိသားစုနဲ့ အဆက်အသွယ်ပြတ်နေကြတာဆိုတော့ အမည်တွေကို အတည်ပြုလို့မရသေးတာ” လို့ ပြောပါတယ်။
ရွာထဲမှာ စစ်တပ်က အင်အား ၁၅၀ လောက်ရှိနေပြီး ရွာအနောက်ဘက်က ရွှေမျှောတွေရှိတဲ့ တောထဲမှာလိုက်ရှာနေတယ်လို့ ဒေသခံကပြောပါတယ်။
စစ်တပ်က ပစ်ခတ်လို့ သေဆုံးသူကတော့ ကိုဟိန်းဇာ၊ ကိုမင်းမင်းလေး၊ ကိုဂျပန်(ခ) ကျော်နိုင်လင်း၊ ကိုလွင်မိုး၊ ကိုဖိုးပြားနဲ့အမည်မသိအလောင်းတွေရော စုစုပေါင်း ၇ ယောက်ရှိသွားပြီလို့ သိရပြီး ကျန်သူတွေရဲ့အမည်တွေကို သိရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံက ပြောပါတယ်။
အခုလို တွေ့ရှိတဲ့ အလောင်းတချို့မှာ သေနတ်နဲ့တေ့ပစ်ခံထားရပြီး တချို့ကိုတော့ ပြေးရင်းလွှားရင်းနဲ့ ပစ်ခံရထားတဲ့ ပုံစံတွေ တွေ့တယ်လို့ ဆိုပါတယ်။
ကာပေါင်းကျကျေးရွာမှာ စစ်တပ်ကဝင်ရောက်စီနင်းတာ ၃ ရက်ရှိပြီဖြစ်လို့ ဒေသခံတွေ စားရေး၊ နေရေး ခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရပြီး၊ စစ်တပ်က တောနင်းရှာဖွေတာတွေ လုပ်နေလို့ ဒေသခံ ရွာသူရွာသားတွေ ဘေးလွတ်အောင်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။