မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၉၀၀ ကျော်နဲ့ ၁၀၉ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၂၈ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆ ကိုတော့ မသိနိုင်သေးပါဘူး။
ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ မနေ့က ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၈,၁၈၉ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၂,၉၃၂ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၁၆ ဒသမ ၁ ရာခိုင်နှုန်း ရှိနေပါတယ်။
ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံကဆင်းခွင့်ရသူ အရေအတွက်ကတော့ ၂,၈၄၄ ယောက်ရှိတယ်လို့ဆိုပါတယ်။
ဒါကြောင့်မို့ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၅,၀၇၇ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၈၉,၁၃၄ ယောက် ရှိတာဖြစ်ပါတယ်။
လတ်တလော ရောဂါကူးစက်မှုတွေမြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာ သင်ကျောင်းတွေ ပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက်အဖြစ် ဩဂုတ် ၃၁ ရက်အထိကိုလည်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။ ဒါ့အပြင် မြို့နယ်ပေါင်း ၁၁၉ မြို့နယ်ကိုလည်း Stay At Home အမိန့်ထုတ်ပြန်ထားပါတယ်။