စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ တွင်းတောင်ကျေးရွာ အထွေထွေအုပ်ချုပ်ရေးမှူးစာရေး ကိုခြူးကို ဩဂုတ် ၂၈ ရက် ဒီနေ့လယ် ၁၂ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။
သူ ပိုင်တဲ့ စံထိုက်အောင်ကွမ်းယာဆိုင်မှာ စစ်တပ်က လာဖမ်းသွားတာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဘုတလင်မြို့ပေါ်ရပ်ကွက်နေ ပြည်သူတစ်ဦးက “ဘာကြောင့် ဖမ်းတာလဲဆိုတော့ သူက CDM လုပ်ထားတဲ့ ရပ်ကျေးစာရေး တစ်ယောက်ဖြစ်လို့ ထင်တယ်။ အရင်ကတော့ စစ်အာဏာသိမ်းပြီးဆန္ဒပြပွဲတွေတော့ သူ လိုက်တယ် ထင်တယ်ဗျ။ အခုနောက်ပိုင်း သူ ဘယ်အဖွဲ့အစည်း၊ ဘယ်ဆန္ဒပြမှ မလိုက်ဘူးရယ်။ သူ ကွမ်းယာလေးပဲရောင်းနေတာလေ။ ကျနော်တို့ ဘုတလင်မြို့ကလည်း ပုဂ္ဂိုလ်ရေးရာ မတည့်ဘူးဆိုရင် စစ်ကောင်စီဘက်ကို တိုင်ရတာနဲ့၊ PDF ဘက်ကို ဒလန်လို့ သတင်းပေးရတာနဲ့ဗျာ။ ကြာတော့ အပြစ်မဲ့သူတွေက ဓားစာခံဖြစ်နေရတယ်။ အခုလည်း ကိုခြူးကို ဘယ်သူ အမြင်ကတ်လို့ စစ်ကောင်စီကို အဖမ်းခိုင်းတယ်မသိဘူး” လို့ ပြောပါတယ်။
အထွေထွေအုပ်ချုပ်ရေးမှူးစာရေး ကိုခြူးကို ဘာကြောင့် ဖမ်းဆီးထားတယ်၊ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဘုတလင်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်ကလည်း သွားဆရာဝန်တစ်ဦးနဲ့ တရားရုံးစာရေးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်စစ်ဆေးကာ တရားရုံးစာရေးကို ပြန်လွှတ်ပေးပါတယ်။