မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ အမှတ် ၁၈ ကာကွယ်ရေးပစ္စည်း စက်ရုံ(ကပစ)မ စက်ရုံမှူး ဒုဗိုလ်မှူးကြီးဇော်မျိုးနိုင်ဟာ စစ်သည်တွေရဲ့ မိဘတွေ လုပ်ကိုင်တဲ့ လယ်မြေတွေကို သိမ်းပြီး ငှက်ပျောစိုက်ပျိုးနေသလို စစ်သည်တွေကို မကောင်းတဲ့ ငါးခြောက်တွေပေးပြီး ရိက္ခာစို ဖြတ်တောက်နေတယ်လို့ စက်ရုံဝန်ထမ်းတွေက ပြောပါတယ်။
ဒါ့အပြင် စစ်သည်တွေကိုပေးရမယ့် ရိက္ခာဆီတွေကိုလည်း အပြည့်အဝမပေးဘဲ ပြန်ရောင်းချတာတွေ သက်သာဆိုင်က ကုန်တွေကို ဝယ်ပြီး ဈေးတင်ရောင်းတာတွေ ဦးပိုင်ငွေတွေကို ဖြတ်တောက်ပြီး ပြန်လည်ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်ကာ စက်ရုံအတွင်း ဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံဝန်ထမ်းတွေ ပြောပါတယ်။
စစ်သည်ဝန်ထမ်းတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စက်ရုံ(ကပစ)မ စက်ရုံမှူး ဒုဗိုလ်မှူးကြီးဇော်မျိုးနိုင်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။
လတ်တလော အမှတ် ၁၈ ကာကွယ်ရေးပစ္စည်း စက်ရုံ(ကပစ)မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ နေရတဲ့ စစ်သည် ၅ ယောက်နဲ့ ဝန်ထမ်း ၅ ယောက်ရှိပြီး သူတို့ကို လော့ဒေါင်းချထားတယ်လို့ သိရပါတယ်။
ခုလို စက်ရုံမှာ ကိုဗစ်လူနာတွေ တွေ့နေပေမဲ့ စက်ရုံမှူး ဒုတိယဗိုလ်မှူကြီး ဇော်မျိုးနိုင်က ကျန်ဝန်ထမ်းတွေကို အလုပ်ဆက်လုပ်ခိုင်းနေသလို ဆွေးနွေးပွဲတွေလည်း ဆက်လက် ပြုလုပ်နေတာကြောင့် ရောဂါကူးစက်မှုများလာမှာကို စိုးရိမ်နေကြတယ်လို့ စက်ရုံဝန်ထမ်းတွေက ပြောပါတယ်။