Home
မြန်မာသတင်း
မြန်မာနိုင်ငံရှိ လူသားအားလုံး၏ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို ကာကွယ်ရန် အမေရိကန် တိုက်တွန်း
DVB
·
August 26, 2021
Untitled-3-4

ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံရှိ လူသားအားလုံးရဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့ အမေရိကန်ပြည်ထောင်စုက  ရခိုင်ပြည်နယ်အရေး  လေးနှစ်ပြည့်အထိမ်းအမှတ် ဩဂုတ် ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က ပြောကြားရာမှာ လွန်ခဲ့တဲ့ ၄ နှစ်က မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေအပေါ် ကြောက်မက်ဖွယ် လူမျိုးတုံးသတ်ဖြတ်မှုကို စတင်လိုက်ပြီး အဲ့ဒီနေ့မှာပဲ စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ထိတ်လန့်သိရှိခဲ့ရပါတယ်။

ရိုဟင်ဂျာတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆယ်စုနှစ်ချီခံစားခဲ့ရပြီး ယနေ့ထိ လည်း ဆက်လက်ကျူးလွန်ခံနေရဆဲ ဖြစ်ပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင်တွေကပဲ ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားတက်ကြွသူတွေ၊ နိုင်ငံတစ်ဝန်းက တိုင်းရင်းသား၊ ဘာသာရေးလူမျိုးစုတွေ အပေါ် အခုအချိန်အခါမှာ မတရားမှုတွေကျူးလွန်နေကြသလို ရိုဟင်ဂျာလူမျိုးတွေအပေါ် ၂၀၁၇ ခုနှစ်တုန်းက အကြမ်းဖက်ခဲ့ကြတဲ့ ခြေမြန်တပ်ဖွဲ့တွေကပဲ အာဏာသိမ်းပြီးချိန်ကစလို့ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် အကြမ်းဖက်ပြီးဒုက္ခပေးနေကြတာပါ။ 

အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ နောက်ဆက်တွဲ ဖိနှိပ်ဖြိုခွင်းမှုတွေကြောင့် ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက ထိခိုက်လွယ်ပြည်သူတွေအတွက် နဂိုကတည်းက ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ အခြေအနေကို ပိုပြီးဆိုးရွားစေခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေအားလုံးဆီကို လူသားချင်းစာနာမှု အကူအညီတွေ အဟန့်အတားမရှိ ရောက်ရှိဖို့ လိုအပ်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ဆက်လက်ပြီး အထူးအလေးထားပြောကြားပါတယ်လို့လည်း ဆိုပါတယ်။

မေလက ရိုဟင်ဂျာ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းအတွက် ၂၀၂၁ ပူးတွဲတုံ့ပြန်မှုအစီအစဉ်ကို စတင်တဲ့အခါ အမေရိကန်ဟာ ဘင်္ဂလားဒေ့ရ်ှရှိ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူများနဲ့ တခြားထိခိုက်နစ်နာသူများကို ကူညီပံ့ပိုးဖို့ ဒေါ်လာ ၁၅၅ သန်းနီးပါး အကူအညီသစ်တွေကို ကြေညာခဲ့ပါတယ်။ 

ရခိုင်ပြည်နယ်ရှိ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ လူမှုစည်းလုံးညီညွတ်ရေး လုပ်ငန်းတွေကို ပံ့ပိုးဖို့နဲ့ ပူးတွဲတုံ့ပြန်မှုအစီအစဉ်မှာပါဝင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း တိုက်တွန်း ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မြန်မာနိုင်ငံရှိ ဒီမိုကရေစီလိုလားတဲ့အဖွဲ့များက မျှော်မှန်းထားတဲ့ အားလုံးပါဝင်နိုင်တဲ့ ရှေ့ဆက်လမ်းကြောင်းကို ကြိုဆိုပါကြောင်းနဲ့ ရိုဟင်ဂျာ အခွင့်အရေးနဲ့ တခြားတိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ရည်ရွယ်တဲ့ လုပ်ဆောင်ချက်တွေထဲက ၁၉၈၂ နိုင်ငံသားဥပဒေကိုပြုပြင်ပြောင်းလဲဖို့ ကတိကဝတ်တွေကိုလည်း ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ငြိမ်းချမ်းရေးနဲ့တရားမျှတမှု၊ အရေးတကြီးဖြစ်တဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ၊ ဒီမိုကရေစီလမ်းကြောင်းကိုပြန်ရောက်ဖို့နဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကိုလေးစားပြီး အားပေးထောက်ခံကူညီဖို့ မြန်မာပြည်သူတွေနဲ့ ဆက်ပြီးလက်တွဲသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024