မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာက စစ်ကောင်စီ ခန့်ထားတဲ့ အုမ်ချုပ်ရေးမှူး ဦးထွန်းထွန်း သြဂုတ် ၂၂ ရက် မနက် ၉ နာရီဝန်းကျင်က သေနတ်နဲ့ပစ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုသူ ကျေးရွာသားတဦးက “အုပ်ကြီးထွန်းထွန်းက ဟိုဘက်ရွာက ပြန်လာတာ။ ရွာအဝင်လမ်းမှာ သေနတ်နဲ့အပစ်ခံလိုက်ရတယ်။ ခါးအောက်ပိုင်းထိသွားလို့ မြို့သစ်ဆေးရုံကို တင်လိုက်ပြီး မြို့သစ်ဆေးရုံက မနိုင်လို့ မကွေးဆေးရုံကို လွှဲလိုက်တယ်လို့ကြားတာပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဟာ တပ်မတော်ထောက်ခံပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီမိုကရေစီရေးလှုပ်ရှားနေသူတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီကို သတင်းပေးနေတဲ့ ဒလန်အကြီးစားလို့ ဆိုပါတယ်။
မြို့သစ်မြို့နယ်၊ ဗိဿနိုးနယ်မြေကာကွယ်ရေးတပ်မတော်ကတော့ အဆိုပါဖြစ်စဉ်ကို ဗိဿနိုးကာကွယ်ရေးတပ်မတော်က ပြုလုပ်ခဲ့တာဖြစ်ကြောင်းနဲ့ ဒလန်ရှင်းလင်းရေး လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။