မွန်ပြည်နယ်၊ ရေးမြို့နယ် နှစ်ကရင်ကျေးရွာနဲ့ ဝယ်ဖယ်ကျေးရွာအနီး ခြံစောင့်မိသားစုတစု အိပ်ပျော်နေစဉ် သြဂုတ် ၂၁ ရက် မနက် ၃ နာရီလောက်က မိုးကြိုးပစ်ခံရပြီး တစ်ဦးသေဆုံးသွားပါတယ်။
မိုးကြိုးပစ်ခံရပြီးနောက် ဖခင်ဖြစ်သူဟာ တစ်နာရီလောက်အကြာမှ သတိပြန်လည်ရရှိပြီး ဇနီးသည်နဲ့ သမီးနှစ်ဦးကို လှုပ်နှိုးကြည့်ရာ သမီးကြီးမှာ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဒေသခံက ပြောပါတယ်။
မိုးကြိုးပစ်ခံရတဲ့ မိသားစုဝင်ထဲက ကျန်တဲ့ ၃ ဦးမှာ ဒဏ်ရာတချို့ရရှိပြီး ဆေးကုသနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးများတဲ့ အရပ်ဒေသတွေဖြစ်တဲ့ မြန်မာနိုင်ငံတောင်ပိုင်း၊ အောက်ပိုင်းနဲ့ အလယ်ပိုင်း အရပ်ဒေသတွေမှာ မိုးကြိုးထိမှန်ပြီး သေဆုံးသူတွေက နှစ်စဉ် ဒါဇင်နဲ့ ချီရှိတယ်လို့ သိရပါတယ်။
မိုးကြိုးပစ်နိုင်ခြေ ရှိမယ့် နေရာတွေမှာ ဖုန်းသုံးစွဲတာတွေ မပြုလုပ်ဖို့၊ ကွင်းပြင်နေရာလိုမျိုး ထက် အကာကွယ်ရှိမယ့် နေရာတွေမှာ နေထိုင်သင့်တယ်လို့ မိုးဇလပညာရှင်တွေက အကြံပြု ထားပါတယ်။